သထုံ၊ ၁၁ ဇန်နဝါရီ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ ၁၀ ရက်က သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့နှင့်အတူ ဒေးဗရိန်းကျေးရွာ ကုန်ထုတ်တံတား တည်ဆောက်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အုတ်ဖိုချောင်ကျေးရွာအနီး ပန်းတိမ်ကန်ချောင်းပေါ်၌ တည်ဆောက်လျက်ရှိသည့် ပန်းတိမ်ကန်ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် လိုအပ်သည်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ပန်းတိမ်ကန်ရေထိန်းတံခါးမှာ အကျယ် ၁၂ ပေ၊ အမြင့် ၁၂ ပေရှိသည့် ရေတံခါးပေါက် ၁၀ ပေါက်ပါဝင်သည့် ကွန်ကရစ် ရေထုတ်ရေထိန်းတံခါးဖြစ်ပြီး လုပ်ငန်းပြီးစီးပါက လယ်ယာမြေဧကပေါင်း ၁၂၀၀၀ အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ လုပ်ငန်းစတင်နေပြီဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၌ လုပ်ငန်းပြီးစီးရန် လျာထားကာ လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၅၆၅၇ သန်းရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကတိုက်ကလေး - သောင်ကြီး - တောကြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ကုန်ထုတ်လမ်းအဆင့်မြှင့်တင်ရေး၊ သောင်ကြီး၊ တောကြီးကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ရေရရှိရေး စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည့် ကဏ္ဍအလိုက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


