မုဒုံ    ၁၆   ဧပြီ       

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် အဖွဲ့တို့သည် မုဒုံမြို့နယ်၊ မြို့မ (၃) ရပ်ကွက်ရှိ အ.ထ.က (၃) မုဒုံကျောင်းရှိ Community Base Facility Quarantine သို့ ယနေ့နံနက် ၁၀ နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အဖွဲ့၊ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ အ.ထ.က (၃) မုဒုံကျောင်းရှိ ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိသူ ကျား ၂၀၊ မ ၂၀၊ စုစုပေါင်း ၄၀ ဦးကို စောင့်ကြည့်ထားရှိသည့်  အဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ အ.ထ.က (၃) မုဒုံကျောင်းရှိ ရုံးခန်း၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီ  ၃၀ ရက်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်သူများ သီးခြားစောင့်ကြည့်ရေးစခန်းသို့ မေ ၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ထိုသို့ ပြန်လည်ဝင်ရောက်လာသူများမှာ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် နေထိုင်သူများ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ကားလမ်းမကြီးနှင့် နီးသည့် သီးခြားစောင့်ကြည့်ရေး စခန်းများထားရှိရန် စီစဉ်မည်ဖြစ်သည့်အတွက် မုဒုံမြို့နယ် အတွင်းရှိ အ.ထ.က (ကွေ့ဝမ်း)၊ အ.ထ.က(၁)မုဒုံ၊ အ.ထ.က(၂)မုဒုံ၊ အ.ထ.က(၃)မုဒုံ၊ အ.လ.က (သင်္ဘောဦး)၊ အ.ထ.က(ကမာဝက်)၊ အ.ထ.က(တံခွန်တိုင်)၊ အ.ထ.က(နှီးပဒေါ) ကျောင်းများနှင့် အခြားသီးခြားထား၍ ရသည့်နေရာများကို လျာထားကြောင်း ပြောကြားခဲ့သည်။

 

ထိုနေရာများ၌ ပြည်ပမှ ပြန်လည်ရောက်ရှိမည့် ပြည်သူများကို စနစ်တကျ စောင့်ကြည့်သွားရန်နှင့် သောက်သုံးရေ၊ အစားအသောက် အစစရာရာ အဆင်ပြေအောင် စနစ်တကျစီစဉ် ဆောင်ရွက်ထားရှိရန်အတွက် လိုအပ်သည်များ ဖြည်စွက်စီစဉ်ထားရန် မှာကြားခဲ့သည်။ 

 

အောင်မျိုးသူ(ပြန်/ဆက်)