ချောင်းဆုံ ဧပြီ ၁၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စာမတတ်သူများ၊ ကျောင်းမနေဖူးသူ ဒေသခံများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်လာ၍ ဒေသတွင်းစာတတ်မြောက်ရေး မြှင့်တင်နိုင်ရန်အတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီ ၆ ရက်က ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကညှော်(အ.ထ.က)ကျောင်းရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းတွင် သင်ကြားပို့ချနေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ကညှော်ကျေးရွာ (အ.ထ.က)ကျောင်း စုရပ်ရှိ စာသင်ဝိုင်းများအတွင်း သင်ကြားပို့ချနေမှုများအား ကြည့်ရှုစစ်ဆေးကာ အခြေခံစာတတ်မြောက်ရေးအတွက် တက်ရောက်သင်ကြားနေသည့် ဒေသခံများ၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နှုတ်ဆက်အားပေးခဲ့ပြီး သင်ကြားမှုသင်ယူမှု လုပ်ငန်းများ ပိုမိုထိရောက်၍ အဆင်ပြေချောမွေ့စေရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို မြို့နယ်အတွင်း သတ်မှတ်သင်ကြားရေးဌာန စုရပ်(၄)ခုတွင် စာသင်ဝိုင်း(၆၃)ဝိုင်း ဖွင့်လှစ်ထားရှိပြီး အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းအသီးသီးတွင် တက်ရောက်သင်ကြားသူ စာသင်သား (၉၄၂)ဦးအား ဆရာ၊ ဆရာမ (၆၃)ဦးတို့မှ တစ်ရက်လျှင် စာသင်ချိန် (၃)နာရီနှုန်းဖြင့် ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ ရက်(၄၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်စာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)