မော်လမြိုင်၊ ၁၉ ဒီဇင်ဘာ 

 
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းမင်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကျိုက်မရောမြို့နယ်သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုက်မရော-စံပယ်ဂူ-ကော့ပနောလမ်းရှိ အတ္ထရံ မြစ်ကူး(စံပယ်ဂူ)တံတားသို့ ရောက်ရှိကာ တံတားသန့်ရှင်းသာယာလှပရေးနှင့် လာရောက်လည်ပတ်သူများ အပန်းဖြေနားခိုနိုင်ရေး ပန်းခြံငယ်တစ်ခုနှင့် မော်တော်ယာဉ်များထားရှိမည့် ကားပါကင်ပြုလုပ်နိုင် ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လမ်းညွှန်မှာကြားပြီး ကျိုက်မရောမြို့နယ် လမုခိုကျေးရွာအုပ်စု လမုခိုကျေးရွာရှိ ဖားဘောင်လှိုဏ်ဂူတော်အဝင်လမ်း ကျောက်ချောလမ်းအဆင့်မြှင့် တင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုက်မရောမြို့နယ် ရေပူကျေးရွာအုပ်စု ရေပူ (ကော့စပ်)ကျေးရွာရှိ သဘာဝရေပူကန်သို့ရောက်ရှိရာ ရေပူကန်နှင့် ပက်သက်၍ လမ်း၊ တံတားလုပ်ငန်း များ၊ စိုက်ပျိုး ရေရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်မီးရရှိ သွယ်တန်းရေးလုပ်ငန်းများစသည့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ မေးမြန်းခဲ့ပြီး သဘာဝရေပူကန်နှင့် ပက်သက်၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွဈေး(သီရိမင်္ဂလာဈေး)နှင့် ချောင်းနှစ်ခွဆိပ်ကမ်းဟောင်း တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ဝေလင်း(ပြန်/ဆက်)