မော်လမြိုင် အောက်တိုဘာ ၂၆

 

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အစီအစဉ်ဖြစ်သည့် Emergency Medical Responder – Ambulance Training ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံးတွင် ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် လူနာတင်ယာဉ်လုပ်ငန်း ဆောင်ရွက်ခြင်းသည် များစွာအရေးပါကြောင်း၊ ရှေးဦးပြုစုခြင်း ဆိုင်ရာ လုပ်ငန်းများသည် လူတိုင်းတတ်ထားအပ်သော ပညာရပ်အဖြစ် ခံယူပြီး တတ်မြောက်ထားသည့် ပညာရပ်များနှင့်အတူ လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကြက်ခြေနီ မောင်မယ်များအနေဖြင့် သင်တန်းမှပို့ချသည့် ဘာသာရပ်များကို လေ့လာမှတ်သားပြီး ပြန်လည် အသုံးချခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူမှုကရုဏာ လုပ်ငန်းများကို ကျရာနေရာမှ စွမ်းစွမ်းတမံ ဆောင်ရွက်ရန်၊ အကူအညီလိုအပ်သော ပြည်သူများအတွက် ကြက်ခြေနီအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာအမရာမော်နိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်မှု ပြခန်းများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)