မော်လမြိုင်  နိုဝင်ဘာ  ၁၂

                                                       

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပသည့် မွန်ပြည်နယ်အတွင်း   မြို့၊ ရွာများ  သန့်ရှင်းသာယာလှပရေးနှင့်  ကျူးကျော်များရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်။ 

 

ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေးအနေဖြင့် ဆက်လက်ပြီး ဆောင်ရွက်ကြ ရန်လိုကြောင်း၊ အမှိုက်သိမ်းစနစ်ကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများက  ကြပ်မတ်ဆောင်ရွက်ကြ လိုစေကြောင်း၊ ရပ်ကွက်နေပြည်သူများမှလည်း အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် သက်ဆိုင်ရာ   စည်ပင်သာယာရေးကော်မတီများက    ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းအင်အား လိုအပ်ချက်များကိုလည်း   ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ရထားလမ်း၊   ကားလမ်းဘေး ဝဲ၊ ယာ ချုံနွယ်များ၊ မီးရထား နယ်မြေအတွင်း  ကျူးကျော်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် စသည်ဖြင့် လမ်းညွှန်မှာကြားသည်။

 

ထို့နောက် တက်ရောက်ကြသူများ၏ တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။  မွန်ပြည်နယ်အနေဖြင့်  သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေစရာနေရာ များစွာရှိသည့်အတွက် နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားပြည်သူများစွာ ဝင်ရောက်မှုများသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ  မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိကြောင်း၊   အလားတူ ကိုဗစ်-၁၉ အလွန်ကာလများတွင်   ပြည်သူများစိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် မြန်မာ့မီးရထားနှင့် လေကြောင်း   အဆင့်မြှင့်တင်ခြင်းများ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံမှုရှိရန် အစိုးရပိုင် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ဌာနဆိုင်ရာမြေများနှင့်   အခြားမြေများကိုလည်း ကျူးကျော်မှုမရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)