မုဒုံ ဇူလိုင် ၅

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခြင်း၊ မိုးစပါးများ စိုက်စနစ်မှန်ကန်ရေးအတွက် Drum Seeder၊ လက်ဆွဲကောက်စိုက်စက်နှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ဝက်တဲကျေးရွာ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကြဲခင်းစနစ် စိုက်ပျိုးခြင်းထက် စက်ကိရိယာများ ပိုမိုအသုံးပြုစိုက်ပျိုးနိုင်ရန်၊ တောင်သူများ မျိုးစေ့ကုန်ကျမှုသက်သာပြီး အလေအလွင့်မရှိစေရန်နှင့် အချိန်လုပ်အားခ လျော့ချနိုင်ရန် ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တစ်ခုလုံးအတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder (၅၈၀)လက်ကို ထောက်ပံ့​ပေးအပ်ခဲ့ရာ မုဒုံမြို့နယ်အနေဖြင့် (၆၀)လက်ကို တောင်သူများထံ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး သီးနှံအထွက်နှုန်း အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးစေရန်အတွက် တာဝန်ရှိသူများမှ အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို တောင်သူများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း အမှာစကား ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မုဒုံမြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ချကိရိယာများကို အကျိုးဆောင် တောင်သူများထံပေးအပ်ခဲ့ပြီး လက်စွဲ ကောက်စိုက်စက်နှင့် ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးကာ တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)