မော်လမြိုင်၊ ဇူလိုင် ၃                                                                             

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဇူလိုင် ၂  ရက်က ကျင်းပသည့် မွန်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

ဦးစွာ ၀န်ကြီးချုပ် မွန်ပြည်နယ်တွင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့ကျန်းမာရေးဌာနနှင့်အတူ တက်ညီလက်ညီ ဆောင်ရွက်ကြသည့်အတွက် အထူးဝမ်းမြောက်ကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် နိုင်ငံတော်မှ ပြဌာန်းထားသည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေများ၊ နည်းဥပဒေများ၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂလိကဆေးရုံများ၏ လတ်တလော တွေ့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးလုပ်ငန်းရှင်များ အနေဖြင့် ဆေးရုံအပေါ် မှီခိုအားထားနေရသော လူနာများ၊ ဝန်ထမ်းများအတွက် စေတနာထား လုပ်ကိုင်ကြရန် ပြောကြားခဲ့သည်။

 

ထို့နောက် မွန်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့် (ခရိုင် ပြန်/ဆက်)