ပေါင်၊ ဒီဇင်ဘာ ၁၄

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေကျပ် (၅၂)သန်းဖြင့် KNM ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သည့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်ပေ (၃၀)ရေစင်၊ ရေစက်ရုံ၊ ရေတွင်းတူးခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ယခုအခါ အကျိုးပြုအိမ်ခြေ (၅၀)၊ လူဦးရေ( ၂၀၀)အတွက် လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်၊၊

 

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာဦးစီးဌာန ဖူဆယ်ဘောလုံးကွင်း ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက မြက်ခင်းတု ခင်းကျင်းနေမှု၊ မီးရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ ကစားကွင်းအတွင်း အမြန်ကစားနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်၊၊

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် ပါဝင်သော ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်စေရေး၊ မီနီဘတ်ဂျက် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်စေရေး၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူလူထုနှင့်ပူပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးမှုနှင့် ပန်းခင်းစီမံချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးပြောကြားသည်၊၊

 

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မီနီဘတ်ဂျက်အတွင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ မိမိမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်၊၊

 

ပေါင်(ပြန်/ဆက်)