မော်လမြိုင် မတ် ၂

 

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ငါးပါးသီလခံယူဆောက်တည်

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပရိယတ္တိဓမ္မ ဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူ‌ပူဇော်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ “ထူးမခြားနား သီချင်းခံဂုဏ်ပြုပူဇော်ခဲ့ကြကာ ပေါင်မြို့နယ် ပေါင်းရပ်ကွက်ဘုရားကြီး ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒောဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မ ဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၆ ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက် ဓမ္မာရာမတောရကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)