မော်လမြိုင် စက်တင်ဘာ ၄
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မော်လမြိုင်ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈) အခြေခံပညာအဌက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဠ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျလည်း များမှာဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရမှာဖြစ်သည့်အတွက် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်ရသူအားလုံး အလွန်ပင် တာဝန်ကြီးမားသည့်အတွက် သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း၊ မွန်ပြည်နယ်အနေဖြင့် စာရင်းစစ် စာရင်းကောက်များခန့်ထားခြင်း၊ သန်းခေါင်စာရင်းသင်တန်း အဆင့်ဆင့် အချိန်ကိုက် ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ထားပြီး ပြည်သူလူထု ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဤသင်တန်းမှ လေ့ကျင့် သင်ကြားပေးမှုအပေါ် သေသေချာချာ လေ့လာမှတ်သားပြီး မိမိတို့က နည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန် ထိထိရောက်ရောက် ပြန်လည်အသုံးချ လေ့ကျင့်သင်ကြားပေးဖို့ အထူးပင်လိုအပ်ကြောင်း၊ သင်တန်းသား ဆရာ/ဆရာမများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံစွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မော်လမြိုင်ခရိုင်အဆင့် နည်းပြသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၃)ဦးဖြင့် စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)


