မုဒုံ ဧပြီ ၂

 

မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ နွေစပါးစံပြစိုက်ပျိုးရေးစိုက်ကွက် ကွင်းအမှတ် - ၈၄၃ တောင်သူ ဦးဘသိန်း၏ လယ်နှစ်ဧကအတွင်း စိုက်ပျိုးထားရှိသော ဆင်းသုခစပါးစိုက်ခင်း၌ ရွှေဇီဝဓါတ်မြေဩဇာအသုံးပြုမှု အခြေအနေများကို ယမန်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။

 

နွေစပါးစံပြစိုက်ပျိုးရေး စိုက်ကွက်အတွင်း စပါးအထွက်နှုန်း ယှဉ်ပြိုင်စိုက်ပျိုးထားသော သဘာဝဓာတ်မြေဩဇာအသုံးပြုမှုနှင့် ရွှေဇီဝဓါတ်မြေဩဇာ အသုံးပြုခြင်းတို့၏ စပါးအထွက်နှုန်းကွာဟမှု၊ ကုန်ကျမှုစရိတ်သက်သာမှုတို့အား ပြည်နယ်ဝန်ကြီးချုပ်က မေးမြန်းရာ မွန်ပြည်နယ် ရွှေဇီဝဓါတ်မြေဩဇာ တာဝန်ခံ ဒုတိယညွှန်မှူး ဒေါက်တာခင်ဆွေအေးမှ ရွှေဇီဝဓါတ်မြေဩဇာ အသုံးပြုခြင်းဖြင့် ရရှိလာသည့် အထွက်နှုန်း ကောင်းမွန်မှုအားလည်ကောင်း၊ မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပုံမှန်သုံးစွဲလျက်ရှိသည့် သဘာဝဓာတ်မြေဩဇာနှင့် ရွှေဇီဝဓာတ်မြေသြဇာ အသုံးပြုခြင်းတို့၏ စပါးအထွက်နှုန်း၊ ကုန်ကျမှုစရိတ်တို့ကို နှိုင်းယှဉ်၍ တိုးတက်လာမှုအခြေအနေများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး  ဒေသခံတောင်သူများထံ ရွှေဇီဝဓါတ်မြေဩဇာများပေးအပ်ကာ စံပြစိုက်ကွက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရှမ်းရွာရပ်ရှိ    အောင်တော်မူကျောင်းတိုက်  ဆရာတော်  ဒေါက်တာဘဒ္ဒန္တသီလဝန္တ၊  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဦးမျိုးမင်းဦးတို့မှ ဦးစီးဦးဆောင်၍ (၇)ရက်သားသမီး ဒါယကာ/ ဒါယိကာမများ၏ ကောင်းမှုတော်ဖြင့် အသစ်တည်ထားကိုးကွယ်ပူဇော်မည့် “လိုရာပြည့်စုံ ကမ္ဘာလုံးစေတီတော်မြတ်ကြီး” နဝရတ် ကိုးပါးအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ရှိရာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ကမာဝက်မြို့  ခြ‌င်္သေ့ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒကုမာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့သည်။   

 

ယင်းနောက် ပင့်သံဃာဆရာတော် အရှင်သူမြတ်များထံ နဝရတ်ကိုးပါးနှင့် ပရိတ်ရည်၊ နံ့သာရည်များ ဆက်ကပ်၍ ဆရာတော်/ သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပေးခဲ့ပြီး ခြ‌င်္သေ့ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒကုမာရမှ ဩဝါဒစကား မြွတ်ကြားခဲ့သည်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဆရာတော်/ သံဃာတော်တို့အား လှူဖွယ်ဝတ္တူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ စေတီတည်ထားရခြင်းနှင့် ပတ်သက်၍ သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားရာ လှူဒါန်းမှုအစုစုတို့အား အောင်တော်မူကျောင်းတိုက်  ဆရာတော် ဒေါက်တာဘဒ္ဒန္တသီလဝန္တက ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

 

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ အုတ်မြစ်တော်စီရန် နဝရတ်ကိုးပါး ရတနာအုတ်မြစ်တော်များကို သတ်မှတ်နေရာသို့ ပင့်ဆောင်ခဲ့ပြီး ပင့်သံဃာတော် ၉ ပါးတို့မှ အုတ်မြစ်တော်များစိုက်ထူပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက်  ဆရာတော်သံဃာတော်များထံမှ  “ဇယန္တော ဗောဓိယာမူလေ” ဂါထာတော်ကို ရွတ်ဆိုပူဇော်ပေးခဲ့ပြီးနောက် အုတ်မြစ်တော်ဌာပနာအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

သားငယ် (ပြန်/ဆက်)