နေပြည်တော် ဒီဇင်ဘာ ၄
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ (ပြည်နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားများအနေ ဖြင့် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးပြီး ထူးချွန်ထက်မြက်သည့် အနာဂါတ် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်လာစေရန် ကြိုးစားအားထုတ် စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးက အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းသူ၊ ကျောင်းသားများ၏ ဝင်ရောက် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြဆည်းဆာ ပရိယတ္တိ စာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွင်း ဆောက်လုပ်လှူဒါန်း ပြီးစီးခဲ့သည့် ထွန်းသမဏသုခကျောင်းဆောင် အမှတ်(၁)နှင့် အမှတ်(၂)၊ အဖွားဆောင်၊ ဝန်ထမ်းဆောင်၊ အုတ်တံတိုင်းခြံစည်းရိုးနှင့် မုခ်ဦးတို့အား ဆောက်လုပ်လှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းသို့ တက်ရောက်ပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်း (ငရုတ် သီးမှုန့်လုပ်ငန်း)မိသားစုမှ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း(၁၁၄၀၀)ကျော် ဖြင့် ဆောက်လုပ်လှူဒါန်းပြီးစီးခဲ့သည့် ကျောင်းဆောင်သစ်များအပါအဝင် အခြားလှူဒါန်း မှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေး ဝေကာ ဆရာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
သတင်းစဉ်