သထုံ ဩဂုတ် ၁၃

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျှက် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သထုံမြို့ရှိ ဝါးပါးရေလှောင်တမံအခြေအနေနှင့် သထုံခရိုင် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်နေမှု အခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် သထုံမြို့ရှိ ဝါးပါးရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူး ဦးသန်းဌေးက ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ တည်နေရာ၊ ရေဆင်းဧရိယာ၊ နှစ်စဉ် ရေဝင်ရောက်မှုပမာဏ၊ ရေပိုလွှဲအမျိုးအစားနှင့် ရေပိုလွှဲမှ ရေကျော်နေမှုအခြေအနေ၊ ရေသောက်စနစ်ဆိုင်ရာ အချက်အလက်များ၊ နှစ်စဉ်ရေအရည်အသွေးစမ်းသပ်မှု၊ ရေလှောင်တမံမှ နှစ်စဉ် သောက်သုံးရေနှင့် စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သိလိုသည်တို့ကို မေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့သည် သထုံခရိုင်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်မှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ သထုံခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်သင်းသင်းအိနှင့် တာဝန်ရှိသူတို့က အောက်ဆီဂျင်စက်ရုံ၏ လည်ပတ်နေမှုအခြေအနေ၊ အောက်ဆီဂျင်ပို့လွှတ်ပေးနေမှုအခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အလှူငွေများ ပေးအပ်ထောက်ပံ့ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါ အောက်ဆီဂျင်စက်မှာ သထုံခရိုင် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်၌ တက်ရောက် ကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် အရေးပေါ် အောက်ဆီဂျင် လုံလောက်မှုရှိစေရန် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၏ အစီအစဉ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး စက်ရုံအဆောက်အအုံနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း၊ ပိုက်လိုက်များ သွယ်တန်းခြင်း အပါအဝင် အခြားလိုအပ်သည်တို့ကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် အများပြည်သူ ထည့်ဝင်လှူဒါန်းခြင်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)