မင်းဘူး ၁၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ မန်းရွှေစက်တော် ဘုရားပွဲတော် ကာလအတွင်း တည်းခိုဆောင်လုပ်ငန်းများ အိတ်ဖွင့် တင်ဒါလေလံပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက မင်းဘူးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မန်းရွှေ စက်တော် ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးအောင်သိန်းမှ မန်းရွှေစက်တော် ဘုရားပွဲတော် တည်းခိုဆောင် လုပ်ငန်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မင်းဘူးမြို့နယ် အခွန်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက အခွန်ငွေပေးဆောင်ရန် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးမှ လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များနှင့် ပွဲတော်ကာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့သည်။
၎င်းနောက် မန်းရွှေစက်တော် ဘုရားပွဲတော် ကာလအတွင်း တည်းခိုဆောင်လုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် လျှောက်ထားသူ ၅၀၂ ဦးတို့မှ မိမိတို့လုပ်ကိုင်လိုသည့် တည်းခိုဆောင်နံပါတ်နှင့် မိမိတို့ ပေးနိုင်သည့် ငွေပမာဏများ ရေးသွင်း၍ စာအိတ်ဖြင့်ပိတ်ပြီး အသီးသီးတင်သွင်းခဲ့ရာ တာဝန်ရှိသူများမှ စာအိတ်များ ဖွင့်ဖောက်၍ တည်းခိုဆောင် တစ်ခုချင်းအလိုက် လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ငွေပမာဏများပြားစွာ တင်သွင်းနိုင်သည့် အောင်မြင်သူ အမည်စာရင်းများ ကြေညာခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)