မင်းဘူး ၁၇ မတ်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ပိတ်သိမ်းလိုက်ပြီးနောက် ဘုရားပွဲတော်ဝန်အတွင်းရှိ တဲကျောင်းများ၊ ဈေးဆိုင်ခန်းများ အဆောက်အဦများအားလုံးကို မတ် ၂၀ ရက်နေ့အပြီး ဖျက်သိမ်းပေးရန် ဘုရားဂေါပကအဖွဲ့က ကြေညာချက်ထုတ် ပြန်ထားပြီး လေလံလုပ်ငန်းရှင်များ၊ ဈေးဆိုင်ပိုင်ရှင်များ၊ တဲကျောင်းလုပ်ငန်းရှင်များအား နစ်နာကြေး အဖြစ် ၆၀ ရာခိုင်နှုန်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးမှူး ဦးအောင်မျိုးထွန်းထံမှ သိရသည်။
အဆိုပါ ဗုဓ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို တန်ပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပသွားရန် စီစဉ်ထားသော်လည်း ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ၏ ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးမှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ မတ် ၁၂ နေ့ကပြုလုပ်သည့် အစည်းအဝေး၌ မည်သည့်ပွဲလမ်းသဘင်ကိုမှ ပြုလုပ်ခွင့် မပြုဆိုသည့်ညွန်ကြားချက်အတိုင်း မတ် ၁၃ ရက်နေ့မှစတင်ကာ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ပိတ်သိမ်းခြင်းဖြစ်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့သည်။
ဇေယျာထက် (မင်းဘူး)


