မင်းဘူး ဖေဖော်ဝါရီ ၁၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား (၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော် ဖွင့်ပွဲနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းဖွင့်လှစ်ခြင်း (၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် မန်းရွှေစက် တော်ဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တခမာစာရတို့က မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ဆောင်ရွက်ကြသည်။

 

ဆက်လက်ပြီး မကွေးမြို့ အောင်မြေရတနာကျောင်းတိုက် ပဓာနနာယက မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုမန အမှူးပြုသော ဆရာတော်ကြီးများနှင့် တက်ရောက်လာကြသူများက အောက်စက်တော်ရာ (ခြေတော်ရာ) အလင်းပေါက် ဖန်အုပ်စောင်းတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ကြပြီး နမ္မဒါရေစင်နှင့် အမွှေးနံ့သာရေများ သွန်းဖြန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒစေတီတော် (ခြေတော်ရာ) နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ်သွန်းတော်မူသည်။

 

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အနယ်နယ်အရပ်အရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်ရင်း ညအိပ်တည်းခို နားနေနိုင်စေရန် တည်းခိုဆောင်အခန်းပေါင်း ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ကို ဆောက်လုပ်ပေးထားကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူးသစ်ထုတ်ရေးဒေသ၊ ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းဖွင့်ပွဲနှင့် ဆင်စခန်းဖွင့်လှစ်ခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး ဆင်လိမ္မာလေးများ၏ ကပြဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဆင်စခန်းရှိ ဝန်ထမ်းများနှင့် ဆင်များအတွက် ဂုဏ်ပြုဆုငွေ ကျပ် ငါးသိန်းကို ပေးအပ်သည်။ ထို့နောက် ဆင်စာကိတ်မုန့်ခွဲ၍ ဆင်စာဘူဖေး ကျွေးမွေးပြီး ဆင်စခန်းအတွင်း ပြင်ဆင်ထားရှိမှုများ၊ တည်းခိုဆောင်၊ နားနေဆောင်နှင့် ဆင်စီးအပန်းဖြေမည့် သဘာဝတောတောင်ရေမြေနှင့် ရှုခင်းအလှ နေရာများကို ကြည့်ရှုစစ်ဆေးကာ ဆင်စခန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

မောင်မောင်(မင်းဘူး)