မင်းဘူး ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါ ဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၈၅ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း ဓါတ်လှေကား ဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) တည်ဆောက်ရေး Phase-1 အပိုင်းအနေဖြင့် ယခုလက်ရှိ ဓာတ်လှေကားအပေါ်ပိုင်း အမိုးအတွက် ကွန်ကရစ်လောင်း ပြင်ဆင်နေကြောင်း၊ ဓာတ်လှေကား လျောက်လမ်း တတိယအပိုင်းအတွက် ကွန်ကရစ်လောင်းပြီး ဖြစ်တာကြောင့် လျှောက်လမ်းတိုင်ထူပြီး အမိုးမိုးရန် ပြင်ဆင်နေကြောင်း၊ ဓာတ်လှေကား နောက်ဆုံးအပိုင်းအနေဖြင့် လျှောက်လမ်းကြမ်းခင်းအတွက် တာရာစိုခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း၊ ယနေ့အထိ ၈၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ၂၀၂၂ ခုနှစ် (၁) လပိုင်း အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အဖြစ် နှစ်ကျိပ်ရှစ်ဆူ စေတီတော်အနီးမှ ကိုးခန်းကြီး ဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ) ရှိပြီး ဘုရားကြီး ဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀) ခန့်ဖြင့် တည်ဆောက်လျက်ရှိသည်။ ဓာတ်လှေကား အဆောက်အဦ တည်ဆောက်ပြီးစီးပါက Phase-2 အဖြစ် AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြုငွေကျပ်သိန်းပေါင်း (၂၃၀၀) ခန့်ဖြင့် အတက်နှင့်အဆင်းဟူ၍ တပ်ဆင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဓာတ်လှေကားတစ်စင်းကို လူ ၂၀ နှုန်းဖြင့် စုစုပေါင်း လူ ၄၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။ ဓာတ်လှေကား ပြီးစီးသွားပါက သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအပြင် ဘုရားဖူး မိဘပြည်သူများအနေဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော်နိုင်မည်ဖြစ်သည်။
မောင်မောင်(မင်းဘူး)