မင်းဘူး ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘု ရားပွဲတော်ကြီးကို ဇန်နဝါရီ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူ ဦးရေ နေ့စဉ် ၁၀၀၀ ခန့်ရှိကာ အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူး အများအပြား လာရောက်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားဖူးလာရောက်ကြသူများသည် ပါဒခြေတော်ရာနှစ်ဆူအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ ပရိတ်/ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစာကျွေး၊ ငါးလွှတ်ကုသိုလ်ပြုခြင်းနှင့် မျောက်စာ ကျွေးမွေးခြင်းများအပြင် မန်းချောင်းအတွင်း ရေချိုးအပန်းဖြေခြင်းနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသူကာ အစိုးရရုံးပိတ်ရက်များတွင် တည်းခိုဆောင်ပြည့်သည်အထိ နေ့ချင်းပြန် လာရောက် လည်ပတ်ကြသလို ညအိပ်တည်းခိုသူများလည်းရှိကြောင်း သိရသည်။
အလားတူ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင်လည်း ဘုရားပွဲတော်ကာလ နေ့စဉ် လာရောက်လည်ပတ် အပန်းဖြေသူများရှိပြီး ရုံးပိတ်ရက်များတွင် ပိုမိုစည်ကားလျက်ရှိကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)