ငဖဲ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးတွင် နှစ်ကျိပ်ရှစ်ဆူ စေတီအနီးမှ ကိုးခန်းကြီး ဘုရားကြီးအထိ တည်ဆောက်လျက်ရှိသည့် ဓာတ်လှေကားတာဝါနှင့် Sky Walk WayBidgeတည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ထိလုပ်ငန်း၏ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဓာတ်လှေကားတည်ဆောက်ရေးစီမံကိန်း မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
“ကျွန်တော်တို့ ဓာတ်လှေကား တာဝါ တည်ဆောက်ရေးအနေနဲ့ ဘိုးပိုင် ၂၄ လုံးတူးခြင်းလုပ်ငန်းကို ဇူလိုင်လထဲမှာ ဆောင်ရွက်ပြီးစီးပြီး Lift Tower နှစ်စင်းကို ဆောက်လုပ်လျက်ရှိပါတယ်။ ဘိုးပိုင် ပြီးတော့ လက်ရှိအပေါ်ပိုင်းမှာ တစ်မီတာ၊ နှစ်မီတာ အရှည်ရှိတဲ့ Lift Column ကို ဝန်ထမ်းများနဲ့ နေ့ညမပြတ် လုပ်ငန်းဆောင်ရွက်နေပါတယ်။
ဆောက်လုပ်ရေးပစ္စည်းတွေက လုပ်ငန်းခွင်အတွင်း ပြည့်ပြည့်စုံစုံ ရောက်ရှိနေပါပြီ။ Lift column ကို သြဂုတ်လကုန်လောက်မှာ တည်ဆောက်သွားမှာဖြစ်ပြီး တည်ဆောက်ပြီးရင် ပစ္စည်းတွေအပေါ်တင်ပြီး ဓာတ်လှေကားတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်”ဟု တည်ဆောက်ရေးစီမံကိန်း မန်နေဂျာ ဦးသန်းလွင်က ပြောကြားသည်။
အဆိုပါ ဓာတ်လှေကားတာဝါကို အလျား ပေ ၂၁၀၊ အမြင့် ၁၁၉ ပေ၊ လျှောက်လမ်းအကျယ် ၁၂ ပေဖြင့် Kyaw Thar ကုမ္ပဏီက ငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ခန့်ဖြင့် တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး ယနေ့အထိ လုပ်ငန်း၏ ၄၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၂ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်မကျင်းပမီ ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု (ငဖဲ)


