မင်းဘူး စက်တင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၊ မန်းရွှေစက်တော် ဘုရားကြီးရှိ အောက်စက်တော်ရာဘုရား မြတ်ဗုဒ္ဓ၏ ခြေတော်ရာအား ဘုရားဖူးမိဘပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်စေရန်အတွက် ယာယီသစ်သားတံတား တစ်စင်းကို ယနေ့နံနက်ပိုင်းက စုပေါင်း တည်ဆောက်ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ထိုသို့တည်ဆောက်ရာတွင် မန်းရွှေစက်တော်ဘုရားရှိ ယခင် အထူးတံတားမှ သစ်သားများကို အသုံးပြုကာ မိုးတွင်းကာလ အဖြုတ်အတပ် ပြုလုပ်လွယ်သော တံတားကို ဘုရားဝန်ထမ်းများနှင့် ရွှေစက်တော်အနီးနားရှိ လူအင်အား (၄၀) ခန့်က လုပ်အားကုသိုလ်ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ မိုးတွင်းကာလ အောက်ခြေတော်ရာအား လာရောက်ဖူးမြော်ကြသော ရဟန်းရှင်လူ ဘုရားဖူးမိဘပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန် ဘုရားဂေါပက အဖွဲ့ဝင်များနှင့် တိုင်ပင်ကာ ယခုလို ယာယီတံတား တည်ဆောက်ရခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ကျန်းမာသန့်ရှင်းတာဝန်ခံ ဦးမြင့်နိုင်(ငဖဲ)က ပြောသည်။

 

mdn

 

အဆိုပါ ယာယီသစ်သားတံတားမှာ လူသွားလမ်း အကျယ် (၂) ပေ၊ အရှည် (၆၄) ပေကျော်ရှိပြီး ယခင်ဘုရားပွဲတော် ကျင်းပခဲ့စဉ်က အထူးတံတားမှ သစ်သားပျဉ်များကို သုံးစွဲကာ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ တံတားအပြင် မိုးတွင်းကာလ ရေများချိန်တွင် စက်လှေများဖြင့်လည်း ဖူးမြော်နိုင်ရန် စီစဉ်ထားရှိကြောင်း၊ ဘုရားဖူး မိဘပြည်သူများအနေဖြင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၏ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် သတ်မှတ်ချိန်အတွင်း ညအိပ်ဖူးမြော်ခြင်းကို ခွင့်မပြုထားဘဲ နေ့ချင်းပြန် ကို​ဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လာရောက်ဖူးမြော်ကြကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)

mdn