မင်းဘူး နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာဘုရား မြတ်ဗုဒ္ဓ၏ ခြေတော်ရာအား ဘုရားဖူးမိဘပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ယာယီလူကူးဝါးတံတား တစ်စင်းကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက စုပေါင်းတည်ဆောက်ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာယီလူကူးဝါးတံတားမှာ လူသွားလမ်းအကျယ် (၆)ပေ၊ အရှည် (၉၅)ပေခန့်ရှိပြီး ဦးကျော်ဝ + ဒေါ်တင်မ မိသားစုတို့က တည်ဆောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ တံတားတည်ဆောက်ရာတွင် ဘုရားကြီးဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့် ရွှေစက်တော်အနီးနာရှိ ဒေသခံပြည်များက လုပ်အားကုသိုလ်ဖြင့် ဝါးအလုံး ၃၀၀ ခန့်အသုံးပြုကာ တည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ မန်းချောင်းရေ ပြန်လည်ကျဆင်းသွားခြင်းကြောင့် အောက်ခြေတော်ရာအား လာရောက်ဖူးမြော်ကြသော ရဟန်း ရှင်လူ ဘုရားဖူးမိဘပြည်သူများ အလွယ်တကူ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ယခုလို ယာယီတံတား တည်ဆောက်ရခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ကျန်းမာသန့်ရှင်းတာဝန်ခံ ဦးမြင့်နိုင်(ငဖဲ)က ပြောသည်။

ယခင် စတင်ဘာလအတွင်းက အဖြုတ်အတပ်ပြုလုပ်လွယ်သော ယာယီသစ်သားတံတား တစ်စင်းကို တည်ဆောက်ခဲ့ပြီး မန်းချောင်းရေ တိုးမြင့်ခဲ့ခြင်းကြောင့် ပြန်လည်ဖြုတ်သိမ်းခဲ့ရပြီးနောက် ယခုတဖန် ယာယီလူကူးဝါးတံတားကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)