​မင်းဘူး ဇန်နဝါရီ           ၁၈

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီ သံပေါင်တံတား တစ်စင်းကို ဇန်နဝါရီ ၁၇ ရက်က တပ်ဆင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ ရာသီမရွေး လွယ်လင့်တကူ အဆင်မြေချောမွေ့စွာ သွားရောက်ဖူးမြှော်နိုင်ရန်အတွက် ယာယီဘေလီတံတားကို ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီ ဆောင်ရွက်နိုင်ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဌ ဦးသိန်းလှိုင်က ပြောသည်။

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ယခုနှစ်တွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိရာ တည်ခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ် နိုင်ရေး မြေနေရာသတ်မှတ်ခြင်းနှင့် အကွက်ရိုက်ခြင်းများ ဆောင်ရွက်ပြီးဖြစ်သောကြောင့် လေလံကိစ္စရပ်များကို ဇန်နဝါရီ ၁၇ ရက်က အပြီးဆောင်ရွက်ခဲ့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံအတွင်းရှိ ဘုရားပွဲတော်များအနက် ရက်အရှည်ကြားဆုံးနှင့် ထင်ရှားကျော်ကြားသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ ယခုနှစ် ပွဲတော်ဖွင့်ပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် (တပို့တွဲ လဆန်း ၅ ရက်) နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝါထပ်သည့်နှစ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ်ပွဲတော် ရက်ကာလမှာ (၆၄)ရက်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)