မင်းဘူး ၁၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရား ပါဒစေတီတော်နှစ်ဆူဖြစ်သော အထက်စက်တော်ရာနှင့် အောက်စက်တော်ရာတို့ကို ယမန်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၇ နာရီခွဲအချိန်က အောက်စက်တော်ရာ ရင်ပြင်၌ ရှေးအစဉ်အလာ ရိုးရာမပျက် ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏိတနှင့် ပင့်သံဃာ ဆရာတော်ကြီးများမှ ဗုဒ္ဓပါဒ စေတီတော်မြတ်အား ဗုဒ္ဓဘိသေက အနေကဇာတင် ပရိတ်တရားတော်များ မြွက်ကြားပေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်၍ ရေစက်သွန်းချ အမျှအတမ်းများပေးဝေကာ ဆရာတော်ကြီးနှင့်တကွ ပင့်သံဃာ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မန်းရွှေစက်တော် အောက်စက်တော်ရာ ပါဒစေတီတော် (အလင်းပေါက် ဖန်အုပ်ဆောင်း)နှင့် အထက်စက်တော်ရာ ပါဒစေတီတော် (မူလစေတီတံခါးပေါက်) တို့အား အမှတ်(၉၆၇) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲမှ ဒုအရာခံဗိုလ် စိုးမင်းသန်းနှင့် တပ်ဖွဲ့ဝင်များက စနစ်တကျ ပြန်လည်ပိတ်သိမ်း ခဲ့ကြသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့ထိ ရက်ပေါင်း ၈၀ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အဆိုပါ ဘုရားပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့ကပင် ဘုရားပွဲကျင်းပခြင်းကို ပိတ်သိမ်း ခဲ့ရကြောင်း၊ ယခုလို ပိတ်သိမ်းကျင်းပခြင်းပြုလုပ်ရတာကတော့ ရှေးအစဉ်အလာရိုးရာမပျက် စေရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးဝင်း ထံမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာလဖြစ်သည့်အတွက် ဖိတ်ကြားသူ အနည်းငယ်ဖြင့်သာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မောင်မောင်(မင်းဘူး)