မင်းဘူး ဇန်နဝါရီ ၂၂

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည်ဖြစ်ရာ ဘုရားပွဲတော်ကာလ ဘုရားဖူးလာရောက်ကြသူများ သွားလာရေးအဆင်ပြေစေရန်အတွက် မင်းဘူး-ရွှေစက်တော် ခရီးသည်တင် ယာဉ်လိုင်းကို ဖေဖော်ဝါရီလအတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်းပတ်ဂိတ်၌ အောင်မန်း မော်တော်ယာဉ်ငယ် လိုင်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ကာ နေ့စဉ် နံနက် ၆ နာရီမှ ည ၆ နာရီအချိန်ထိ မင်းဘူး-ရွှေစက်တော် ပြေးဆွဲသွားမည့်အပြင် အဆိုပါယာဉ်လိုင်းမှ မန်းရွှေစက်တော်ဘုရားကြီး၌ တောင်ပေါ်-တောင်အောက် (အတက်-အဆင်း) ခရီးစဉ်ကိုလည်း ပြေးဆွဲပေးသွားမည် ဖြစ်သည်။

 

“၁၂ ယောက်နဲ့ ၁၅ ယောက်ဆံ့ (Starex/Vongo) ကားအမျိုးအစား မှန်လုံယာဥ်ငယ်တွေနဲ့ မင်းဘူး-ရွှေစက်တော် ခရီးစဉ်ကို ယာဉ် ၁၀ စီး၊ တောင်ပေါ်-တောင်အောက် (အတက်-အဆင်း) ခရီးစဉ်ကို ယာဉ်အစီး ၂၀ စုစုပေါင်း ယာဉ်အစီးရေ ၃၀ နဲ့ ပြေးဆွဲပေးသွားမှာပါ။ ပွဲတော်ကာလ ယာဉ်အစီးရေ လုံလောက်မှုမရှိပါက ထပ်မံဖြည့်တင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယာဉ်စီးခနှုန်းထားကိုတော့ မင်းဘူး-ရွှေစက်တော် ခရီးစဉ်အတွက် အသွား ၆၀၀၀ ကျပ်၊ အပြန် ၆၀၀၀ ကျပ်နှုန်း၊ တောင်ပေါ်-တောင်အောက် ခရီးစဉ်အတွက် အတက် ၁၀၀၀ ကျပ်၊ အဆင်း ၁၀၀၀ ကျပ်နှုန်းဖြင့် စက်သုံးဆီ ဈေးနှုန်းအပေါ်မူတည်၍ သတ်မှတ်ထားပါတယ်။ ယာဉ်းလိုင်းပြေးဆွဲမည့်ယဉ်များ ကြံ့ခိုင်ကောင်းမွန်စေရေး၊ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရာဇာကိုကိုက ပြောပြသည်။

 

မောင်မောင်(မင်းဘူး)