မကွေး ၂၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ဘုရားပွဲတော်ကာလ ဝတ္တကနယ်မြေအတွင်း ဆန္ဒထုတ်ဖော်ခြင်းမပြုစေရန်အတွက် ဒေသန္တရအမိန့်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ မှ သိရသည်။
ဘုရားပွဲတော်ကို လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူအများအနေဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးနားခိုနိုင်ရေးအတွက် ဘုရားဖူးပြည်သူများ၊ဈေးသည်များ၊ကြီးကြပ်ရေးအဖွဲ့တွေ၊ စည်းကမ်းဆိုသည့် ခေါင်းစဉ်အောက်မှာ တက်ညီလက်ညီ တစ်ပြိုင်နက် စည်းကမ်းထုတ်သူကထုတ်၊ လိုက်နာသူက လိုက်နာ၊ ကြပ်မတ်သူက ကြပ်မတ်နိုင်အောင် ဒေသန္တရအမိန့်ထုတ်ပြန်သွားမှာပါတယ် ဒေသန္တရအမိန့် စည်းကမ်းချက်များတွင် ဝတ္တကနယ်မြေအတွင်း ဆန္ဒထုတ်ဖော်ခြင်းမပြုရန်ပါဝင်ပြီး တိုင်းအစိုးရညွန်ကြားနဲ့ မင်းဘူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ ထုတ်ပြန်သွားမှာပါဟု မန်းရွှေစက်တော်ဂေါပကဥက္ကဋ္ဌ ဦးအောင်သိန်းက ပြောသည်။
ပြီးခဲ့သော ဘုရားပွဲတော်ကာလ ရွှေစက်တော်အရပ်သားဂေါပကအဖွဲ့ မှ ဘုရားပွဲတော်ကျင်းပရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာတွင် ဈေးသည်အချို့မှာ ပြုပြင်ပြောင်းလဲ စည်းကမ်းသတ်မှတ်ချက်များအား ကျေနပ်မှုမရှိ၍ ဘုရားပွဲ တော်အတွင်း ဆန္ဒထုတ်ဖော်ကြရန် လှုံ့ဆော်ခြင်း ခြိမ်းခြောက်ခြင်းများရှိခဲ့သလို မင်းဘူးမြို့ရှိ ဂေါပကရုံးရှေ့ တွင် လည်းကောင်း၊ဈေးရှေ့တွင်လည်းကောင်း ဆန္ဒထုတ်ဖော်မှုများရှိခဲ့ကြောင်း ဒေသန္တအမိန့်ကို ဖေဖော်ဝါရီ (၈)ရက်နေ့တွင် မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးသိန်းလှိုင် က ပြောသည်။
၂၀၁၉ ခုနှစ် ရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖေဝါရီ ၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်ပွဲနေ့ညတွင် သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ တရားပွဲပါဝင်မည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များလည်း လာရောက်ဖျော်ဖြေကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ မှ သိရသည်။
ကျော်ဇေယျ