မင်းဘူး စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားတွင် တည်ဆောက်လျက်ရှိသော ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) လျှောက်လမ်းအတွက် သံဘောင်များတပ်ဆင်ခြင်း ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ကျော်သာကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
ထိုသို့ ဆောက်လုပ်နေမှုအား မန်းရွှေစက်တော် ဓာတ်လှေကား အရည်အသွေး စစ်ဆေးရေးအဖွဲ့ ခေါင်ဆောင် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ဓာတ်လှေကား တည်ဆောက်နေမှု လုပ်ငန်းများအား သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါဓာတ်လှေကားသည် အလျား ၂၁၀ ပေ၊ အမြင့် ၁၁၉ ပေ၊ အကျယ် ၁၂ ပေရှိပြီး အတက်နှင့် အဆင်းဟူ၍ Lift Tower နှစ်စင်း တည်ဆောက်လျက်ရှိကာ ခွင့်ပြုငွေကျပ်သိန်း ၁၆၀၀ ဖြင့် လျှောက်လမ်းခင်းခြင်း လုပ်ငန်းနှင့် Lift Tower များအားလုံး တည်ဆောက်ခြင်း လုပ်ငန်းများကို ရွှေစက်တော်ဘုရား ဖွင့်ပွဲကာလအမီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။
ဓာတ်လှေကား တည်ဆောက်ပြီးပါက မန်းရွှေစက်တော် ပါဒခြေတော်ရာနှစ်ဆူသို့ လာရောက်ဖူးမြော်ကြသော အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ၊ အဘိုးအဘွားနှင့် ကလေးငယ်များပါမကျန် နှစ်ကျိပ်ရှစ်ဆူ ဘုရားအနီးမှ ကိုးခန်းကြီးဘုရားအထိ အလွယ်တကူ ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)