မင်းဘူး  ၁၉   မတ်

 

မင်းဘူးခရိုင်  မန်းရွှေစက်တော်ဘုရားမှ ဗုဒ္ဓဘုရားရှင်၏ ရွှေသားစက်လက္ခဏာ ၁၀၈ ကွက်အား စီးပွားရေးဘဏ် ဘဏ္ဍာတိုက်၌ မတ်လ ၁၈ ရက်နေ့က အပ်နှံ သိမ်းဆည်းထားခဲ့ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

 

121841

 

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ဘုရားပွဲတော်ကို မတ်လ ၁၃ရက်နေ့က ပိတ်သိမ်းလိုက်ပြီး နောက် ၁၅ ပဲရည်ရွှေသား ၂ ပိသာ ၈ ကျပ်သား ၅ ပဲ ၁၀ ရွေး ၁ ခြမ်း အလေးချိန်ရှိ အောက်စက်တော်ရာ ပါဒခြေတော်ရာကို ထိန်းသိမ်း စောင့်ရှောက်လိုက်ခြင်းဖြစ်သည်။

 

" ရွှေပြားပါဒ စက်လက္ခဏာတွေကို ပုံစံခုံပေါ်မှာ နံပတ်စဉ်အလိုက် ဘုတ်ချောင်းတွေနဲ့ စုပ်ထားတာပါ။ ပွဲတော်ပိတ်ပြီဆိုတော့ ပြန်ဖြုတ်ပြီး ဘဏ်မှာ နှစ်စဉ်နှစ်တိုင်း သိမ်းဆည်းရပါတယ်။ ဂွမ်းထုတ်တွေနဲ့ သေချာထည့်ပြီး သေတ္တာထဲထည့်တယ်။ ချိတ်ပိတ်တယ်။ ပြီးရင် ဘဏ်အပ်ပါတယ် " ဟု ဂေါပက အတွင်းရေးမှူး ဦးခင်မောင်စိုး က ပြောသည်။

 

စကုမီးသတ်တပ်ဖွဲ့နှင့် ဂေါပကအဖွဲ့တို့က သြဝါဒဆရာတော်ကြီးများ ရှေ့မှောက်တွင် ဖြုတ်သိမ်းကာ မင်းဘူးမြို့ ၊ မြန်မာ့စီးပွားရေးဘဏ် ၊ ဘဏ္ဍာတိုက်၌ အတူတကွ သွားရောက်အပ်နှံခဲ့ကြပြီး ရွှေပြားများ ဖြုတ်ပြီးနောက် အောက်ခံခုံတော်ကို ပါဒရက္ခိတအခန်း၌ သိမ်းဆည်းထားကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

 

121

 

နှစ်စဉ် တပို့တွဲလဆန်း ၅ရက်နေ့မှ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ထိကျင်းပ သည့် ဘုရားပွဲတော်မတိုင်မီ တစ်ရက် အလိုတွင် စက်လက္ခဏာများကို ဘဏ်မှထုတ်ယူကာ ခြေတော်ရာခုံတွင် နံပတ်စဉ်အလိုက် တပ်ဆင်ရကြောင်း ၊ နတ်မင်းကြီးလေးပါးမှထမ်းကာ အခမ်းအနားဖြင့် အောက်စက်တော်ရာ အဆောင်သို့ ပို့ဆောင်ပူဇော်ရကြောင်း သိရသည်။

 

၁၉၇၆ ခုနှစ်က ရွှေပြားခတ် စက်လက္ခဏာများတပ်ဆင်ရန် အောက်ခံသံမဏိပြားပေါ်တွင် နဂါးနှစ်ကောင် ရစ်ခွေနေသည့်ပုံစုံကို တမ္ပဝတီ ဦးဝင်းမောင်က ပုံစံထုတ်ခဲ့ပြီး စစ်ကိုင်းမှ ပန်းတိမ်ပညာရှင် ဦးတင်မောင်က တာဝန်ယူကာ တစ်လကြာထုလုပ်ခဲ့ကြောင်း သမိုင်းပညာရှင် ဦးကျော်စိန်ဝင်းထံမှ သိရသည်။

 

ဇေယျတု(မကွေး)

 

1220