မင်းဘူး ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၅) ရက်မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ ဘုရားဖူးလာ ပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်စေရန် ဘုရားပွဲတော် ကာလအမှီ ဆင်စခန်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အနေနဲ့ ဆင်စခန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနဲ့ ၂၀၁၉ ခုနှစ် မန်းရွှေ စက်တော်ဘုရားပွဲတော်ကာလ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ကနဦး ခန့်မှန်း ကုန်ကျငွေ (၃၀၄၄၇၂၀၀) သိန်းခန့် သုံးစွဲကာ ယခုလက်ရှိ ဆင်အကောင်ရေ ၈ ကောင်ရောက်ရှိနေပြီး နောက်ထပ် ဆင်အကောင်ရေ ၇ ကောင်နှင့် စုစုပေါင်း ၁၅ ကောင်ဖြင့် ဆောင်ရွက်သွားမှာပါ။ ဆင်စီးချိန်ကိုတော့ နံနက် ၈ နာရီကနေ နေ့လည် ၁၁ နာရီထိ သတ်မှတ်ထားပြီး ဆင်စီးခအဖြစ် တစ်ဦးလျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားပါတယ်” ဟု ဆင်စခန်းတာဝန်ခံ ဦးလှသန်းထံမှ သိရသည်။
အဆိုပါ ဆင်စခန်း ဖွင့်လှစ်ရန် ဧက (၆၀) ကြိုးဝိုင်း ပြင်ဆင်ပြီး ကာကွယ်တော ဧက ၅၀ စုစုပေါင်း ဧက ၁၁၀ နှင့် ဆင်စားကျက်မြေ ဧက ၇၀၀ တို့အား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်သည်။ ဆင်စခန်းသည် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်သို့သွားသည့် ၈ မိုင်ကားလမ်းဘေး၊ မန်းရွှေစက်တော်ရာ ဘုရားနှင့် ၃ မိုင်ခန့် အကွာတွင် တည်ရှိပြီး ဘုရားဖူး ပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)