မင်းဘူး ၁၀ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ မန်းရွှေစက်တော်ရာဘုရားအနီးရှိ ဘုရားကျေးရွာတွင် ဖေဖော်ဝါရီ (၉) ရက် ညနေ ၅ နာရီ ၇ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၄)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ဘုရားကျေးရွာအုပ်စု၊ တောင်ပိုင်းကွက်သစ်ရပ်နေ ဒေါ်မြင့်မြင့်သိန်း၏ သားဖြစ်သူ ကိုအောင်နိုင်သူ ဈေးရောင်းလုပ်ကိုင်သူသည် ဝက်စာကျွေးရန်အတွက် နေအိမ်တွင်း ထင်းမီးဖြင့် ဝက်စာကျိုနေစဉ် နေအိမ်မှ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ဝန်းအတွင်းသို့ ကုန်ဈေးရောင်းရန် ထွက်ခွာခဲ့ရာ အဆိုပါမီးမှ မီးဖိုနှင့်ကပ်လျက်ရှိသည့် ထရံအား မီးစွဲလောင်ကျွမ်းခဲ့ပြီး ၎င်းနေအိမ်အနီးရှိ ဒေါ်တင်ပြုံး (ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ထရံကာ) (၁၅×၁၀) ပေရှိ (၃)ပင်မြေစိုက်နေအိမ်အား လည်းကောင်း၊ ကိုမျိုးသူစိုး (ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ထရံကာ) (၁၅×၁၀) ပေရှိ (၃)ပင်မြေစိုက်နေအိမ်အား လည်းကောင်း၊ ကိုအောင်နိုင်ထွန်း (ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ ထရံကာ) (၁၅×၁၀) ပေရှိ (၃)ပင်မြေစိုက်နေအိမ်အား လည်းကောင်း အသီးသီးမီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းချိန်မှာ ညနေ ၅ နာရီ ၇ မိနစ်ခန့်ကဖြစ်ပြီး အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော် ဦးစီးသော တပ်ဖွဲ့ဝင် (၁၈) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦး၊ မင်းဘူးမြို့နယ် ယာယီရဲမှူး ဝင်းထိန်၊ မန်းရွှေစက်တော် ရဲကင်းမှူး ဒုရဲမှူး အောင်ကျော်ဦး ဦးစီးသော အဖွဲ့ဝင် (၄၃) ဦး၊ မြို့နယ်ကြက်ခြေနီမှ တပ်ရင်းမှူး ဦးတင်ညွန့်ပါ (၁၀) ဦး၊ ပြည်သူလူထု (၅၀) ဦး စုစုပေါင်းအင်အား (၁၅၀) ဦးခန့်မှ မီးသတ်ယာဉ် (၂) စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲတွင် မီးညွန့်ကျိုးပြီး ၅ နာရီ ၃၅ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် မီးအားပေါ့ဆစွာသုံးစွဲသူ ကိုအောင်နိုင်သူအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မျိုးမြတ်(မင်းဘူး)