မင်းဘူး နိုဝင်ဘာ ၁၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရှိ ဘုရားကျေးရွာအနီး ရွှေစက်တော်မန်းချောင်းအတွင်း၌ မော်တော်ယာဉ်များဖြင့် အသုံးပြုဖြတ်သန်းသွားလာနိုင်စေရန် ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် ယာယီကုတ်ထုတ်တံတားတစ်စင်းကို နိုဝင်ဘာ ၁၅ ရက်က စုပေါင်းတည်ဆောက်ခဲ့ကြောင်း ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

အဆိုပါ ယာယီကုန်ထုတ်တံတားမှာ ကားသွားလမ်းအကျယ် (၁၄)ပေ၊ အရှည် ပေ(၈၀)ခန့်ရှိပြီး ဘုရားကျေးရွာရှိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထအစီအစဉ် စုပေါင်းထည့်ဝင်ငွေများဖြင့် (၁၅)သိန်းခန့် အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားတည်ဆောက်ရာတွင် ဘုရားကျေးရွာ အောင်မြေရတနာကျောင်းတိုက် ဆရာတော် ဦသုစိတ္တ ဦးစီး၍ ဘုရားကျေးရွာ ရပ်မိ/ရပ်ဖများနှင့် ဒေသခံလူငယ်များက နိုဝင်ဘာ ၁၀ ရက်က စတင်တည်ဆောက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် ဒေသခံပြည်သူများက ကုန်ရောင်း/ကုန်ဝယ် မော်တော်ယာဉ်များဖြင့် အသုံးပြု ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

 

ယာယီကုန်ထုတ်တံတား တည်ဆောက်ပြီးစီးခြင်းကြောင့် ဘုရားကျေးရွာရှိ အိမ်ခြေပေါင်း (၃၃၀)မှ လူဦးရေပေါင်း (၁၃၀၀)ကျော်အတွက် များစွာအကျိုးရှိပြီး ဘုရားကျေးရွာအနီး ရွာပတ်လမ်းမှ အောက်စက်တော်ရာအရောက် ကားများဖြင့် ဘုရားဖူးမိဘပြည်သူများ အလွယ်တကူ လာရောက်ဖူးမြော်နိုင်မည့်အပြင် ငဖဲနှင့် စေတုတ္တရာမြို့နယ်များသို့လည်း ဖြတ်လမ်းအဖြစ် အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ပြောကြားချက်အရ သိရသည်။

 

မောင်မောင်(မင်းဘူး)