မင်းဘူး ၂၂ ဇူလိုင်
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် MPRL E & P Pte Ltd. သည် မန်းရေနံမြေ ဒေသခံများအတွက် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်မည့် CSR လုပ်ငန်းများ၏ ကဏ္ဍတစ်ရပ်အနေဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ သူနာပြုအကူသင်တန်းသို့ တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခဲ့ရာ မန်းရေနံမြေနှင့် ထိစပ် ကျေးရွာ (၁၄) ရွာမှ အရည်အချင်း ပြည့်မီသည့် ကျောင်းသားကျောင်းသူ (၁၅) ဦး လျှောက်ထားခဲ့သည်။
အဆိုပါ လျှောက်ထားသူများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လဆန်းပိုင်းတွင် သင်တန်းဝင်ခွင့်ရရှိရေးအတွက် သင်တန်းမှူးက လူတွေ့စစ်ဆေးခဲ့ရာ မန်းရေနံမြေ ထိစပ်ကျေးရွာများ ဖြစ်သည့် ကျွဲချ၊ လေးအိမ်တန်းနှင့် လက်ပံတော ကျေးရွာများမှ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ (၃) ဦး ရွေးချယ်ခံရသည်။ MPRL E & P ၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် သူနာပြုအကူ (၂)လတာသင်တန်းကို မင်းဘူးမြို့နှင့် ရန်ကုန်မြို့တို့ရှိ ဧရာ၀တီဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်းကျောင်းနှင့် ပုဂ္ဂလိက သင်ကြားရေးဆေးရုံတို့တွင် သူနာပြုအကူဆိုင်ရာ ဘာသာရပ်များ စာတွေ့လက်တွေ့ သင်ကြားလေ့လာလျက်ရှိသည်။ ထို့ပြင် သင်တန်းပြီးစီး အောင်မြင်သည့် သင်တန်းသူများအနေဖြင့် အဆိုပါ သင်တန်းအကူအညီဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်


