မင်းဘူး ၁၁ ဇန်နဝါရီ
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd. နှင့် မင်းဘူး(စကု)မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတို့၏ ပူးပေါင်းစီစဉ်ပံ့ပိုးမှုဖြင့် မင်းဘူး (စကု)မြို့နယ်ရှိ လေးအိမ်တန်းကျေးရွာတွင် စိုက်ပျိုးထားရှိသည့် ရေဆင်း-၁၂ ကုလားပဲ စံပြစိုက်ကွက်များကို မန်းရေနံမြေ ဒေသခံတောင်သူများသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၈) ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့သည်။
MPRL E&P Pte Ltd. သည် မန်းရေနံမြေ ဒေသအတွင်း ဒေသခံဖွံဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများ သဘာဝမြေသြဇာနှင့် သဘာဝပိုးသတ်ဆေးများ ပြောင်းလဲ အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီရေး၊ စားသုံးသူများဘေးဥပါဒ် ကင်းရှင်းရေးတို့အတွက် မျိုးစေ့ရွေးချယ်အသုံးပြုနည်း၊ GAP စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးနည်း၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေသြဇာများ ကိုယ်တိုင်ထုတ်လုပ်နည်းများကို ဒေသခံတောင်သူများအား မျှဝေနိုင်စေရန်ရည်ရွယ်၍ မင်းဘူး(စကု)မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မန်းရေနံမြေ ထိစပ်ကျေးရွာများဖြစ်သည့် ချင်တောင်၊ ကျွဲချ၊ လေးအိမ်တန်းနှင့် မန်းကျိုးကျေးရွာများတွင် ကုလားပဲစံပြစိုက်ကွက် (၁၀.၅) ဧက ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း စိုက်ပျိုးခဲ့သည်။
အဆိုပါ တောင်သူကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက GAP စနစ်ဖြင့် စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ရေဆင်း-၁၂ ကုလားပဲမျိုးသန့် စံပြစိုက်ခင်းများ၊ ဘေးကင်းသည့် ပိုးသတ်ဆေး အသုံးပြုနည်းစနစ်များ၊ ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် သဘာဝပိုးသတ်ဆေး ထုတ်လုပ်နည်းများ ကို ဒေသခံ စိုက်ပျိုးတောင်သူများအား လက်တွေ့ ရှင်းလင်းပြသခဲ့သည်။ လေးအိမ်တန်းကျေးရွာတွင် ကျင်းပသည့် တောင်သူကွင်းသရုပ်ပြပွဲသို့ မင်းဘူး (စကု) မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးသိန်းနိုင်ဝင်း ဦးဆောင်သည့် အဖွဲ့ဝင် (၁၃)ဦး နှင့် စိုက်ပျိုးတောင်သူ (၆၀) ဦး တို့ ပါဝင် လေ့လာခဲ့ကြသည်။
သတင်းစဉ်