မင်းဘူး ၃ နိုဝင်ဘာ
မန်းရေနံမြေတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P သည် မန်းရေနံမြေ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို CSR လုပ်ငန်းအစီအစဉ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အဆိုပါ လုပ်ငန်းဆောင်ရွက်ချက်များကို ဒေသခံပြည်သူ များအနေဖြင့် တစ်စုတစ်စည်းတည်း ကြည့်ရှုလေ့လာနိုင်ရန်နှင့် အကြံပြုဆွေးနွေးခြင်း လုပ်ငန်းစဉ် (Operational Grievance Mechanism – OGM ) နှင့်ပတ်သက်သည့် အသိပညာ မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကိုယနေ့ ညနေပိုင်းတွင် မန်းရေနံမြေ ထိစပ်ကျေးရွာဖြစ်သည့် မယ်ဘေ့ကုန်း ကျေးရွာ၊အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (မန်းရေနံမြေ) အထွေထွေ မန်နေဂျာ ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မင်းဘူး (စကု) မြို့နယ် ပညာရေးမှူး ဦးကြည်လွင်၊ MPRL E&P ၏ မန်းရေနံမြေ စီမံခန့်ခွဲရေးမန်နေဂျာ ဦးမျိုးဝင်း၊ CSR & Communications ဌာနမှာ မန်နေဂျာ ဒေါ်ဝတ်မှုံတင်လတ်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ၊ မန်းရေနံမြေ ထိစပ်ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာများနှင့် ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
CSR လုပ်ငန်းများပြပွဲနှင့် အကြံပြုဆွေးနွေးခြင်းကဏ္ဍ မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို “ အကြံပြုပါ၊ ဆွေးနွေးပါ၊ အနာဂတ်ရင်သွေး၊ ပျိုးထောင်ပါ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရေးစပ် သီဆိုထားသည့် တေးသီချင်းဖြင့် မန်းရေနံမြေ ထိစပ်ကျေးရွာများရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော်ကပြတင်ဆက် ယှဉ်ပြိုင်သည့် အစီအစဉ်နှင့်အတူ မန်းရေနံမြေတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေနံမြေ ဝန်ထမ်းများ၏ ဖျော်ဖြေရေး အစီ အစဉ်များ၊ CSR လုပ်ငန်းဆောင်ရွက်ချက်ပြခန်းများနှင့် မန်းရေနံမြေတွင် ဖွင့်လှစ်ခဲ့သည့် သက်မွေး ပညာသင်တန်းများတွင် တက်ရောက်ခဲ့သည့် သက်မွေးပညာ သင်တန်းသားများ၏ ထုတ်ကုန် များကို ခင်းကျင်းပြသထားသည့် ပြခန်းများပါဝင်တင်ဆက်ခဲ့ရာ အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများ အပါအဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၁၅၀၀) ကျော် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
မန်းရေနံဒေသခံ ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်ပြိုင်ပွဲ အစီအစဉ်တွင် ကျေးရွာ အခြေခံပညာကျောင်း (၁၁) ကျောင်း မှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို မန်းကျိုးကျေးရွာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လည်းကောင်း၊ ဒုတိယဆုကို မယ်ဘေ့ကုန်းကျေးရွာ မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများကလည်းကောင်း၊ တတိယဆုကို ရွာသာကျေးရွာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရရှိခဲ့သည်။ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူတစ်ဦးချင်းစီကို MPRL E&P ၏ CSR & Communications ဌာနမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကာ မန်းရေနံမြေ စီမံခန့်ခွဲရေးအဖွဲ့မှ ရေနံမြေ ဝန်ထမ်းများ၏ ဖျော်ဖြေရေး အစီအစဉ်များ အတွက်လည်းဂုဏ်ပြု ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အကြံပြုဆွေးနွေးခြင်း ကဏ္ဍမြှင့်တင်ရေး အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် စတုတ္ထနှစ်အဖြစ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်သည် မန်းရေနံမြေတွင် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအကြား ရင်းနှီးပွင့်လင်းသည့် ဆက်ဆံရေးထူထောင်ကာ လုပ်ငန်းဆိုင်ရာ အခက်အခဲများ ရှိလာပါက အတူကကွ ပူးပေါင်းဖြေရှင်းသည့် လုပ်ငန်းစဉ် တစ်ခုလည်း ဖြစ်သည်။
သတင်းစဉ်


