နှင်းယု

မွန်လူမျိုးများ၏ အဖြူရောင်နှင့် အနီရောင် ရောစပ်ထားသော မွန်ရိုးရာဝတ်စုံသည် ထူးခြားဆန်းပြားသော အဆင်အပြင်မပါရှိသော်လည်း ရိုးရှင်းနေသည်၊ ပေါ်လွင်နေသည်။ ရိုးရိုးရှင်းရှင်းဖြင့် ဝတ်ဆင်သူအပေါင်းကို ကျက်သရေအပေါင်းနှင့် ပြည့်စုံစေသည်။ မွန်အမျိုးသား ပုဆိုး၏အဆင်အနီ လေးထောင့်ကွက်သည် လယ်ယာလုပ်ငန်း၏ လယ်ကွက်အမှတ်အသားဖြစ်ပြီး အနီရောင်လေးထောင့်ကွက်ကို ကန့်ထား သောအဖြူစင်းများသည် စိတ်စေတနာ ဖြူစင်ခြင်းကို ရည်ရွယ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယအားစိုက်ရသည့် လယ်ယာအလုပ်ကို ဖြူစင်သောစိတ်စေတနာနှင့် လုပ် ဆောင်တတ်ခြင်းကို ရည်ရွယ်သည်ဟု ဆိုကြသည်။ 

မွန်လူမျိုးတို့ စိတ်ရင်းစေတနာကို ပေါ်လွင်စေသည့် အမှတ်သင်္ကေတတစ်ခု
မွန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုဖြစ်ကာ ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးခြင်းများ ဖွံ့ဖြိုးလျက်ရှိပြီး မွန်လူမျိုးများသည်လည်း ဘာသာတရား ကိုင်းရှိုင်းကာ အေးချမ်းစွာနေထိုင်ကြသည်။ ထို့ကြောင့် မွန်ရိုးရာဝတ်စုံသည် မွန်လူမျိုးတို့ စိတ်ရင်းစေတနာကို ပေါ်လွင်စေသည့် အမှတ်သင်္ကေတတစ်ခုဖြစ်သည်။

ထိုကဲ့သို့ မွန်လူမျိုးတို့ အထွတ်အမြတ်ထား ဝတ်ဆင်ကြသောရိုးရာဝတ်စုံသည် ရာသီမရွေး၊ ဒေသမရွေး ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်သဖြင့် မွန်လူမျိုးတို့သာမက ယခုအခါ နိုင်ငံတွင်း ပြည်သူအများ ဝယ်ယူဝတ်ဆင်ကြသော လူကြိုက်များသည့် ရိုးရာအထည်များ ဖြစ်လာသည်။ 

“ကျွန်တော်တို့ မွန်လူမျိုးတွေကတော့ ရိုးရာအခမ်းအနားတွေမှာ၊ အလှူ အတန်းပြုရာမှာ၊ နေ့ထူးနေ့မြတ်တွေမှာ စသဖြင့် ရိုးရာဝတ်စုံကို အလေးထား ဝတ်ဆင်ကြပါတယ်။ ကျန်တဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကတော့ ဝတ်စုံအပြည့်အစုံ မဟုတ်ဘဲ မွန်ထဘီ၊ မွန်ပုဆိုးကို ဝယ်ယူဝတ်ဆင်ကြတာ များပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ရိုးရာဝတ်စုံကို နှစ်နှစ်သက်သက် ဝတ်ဆင်ကြတာမြင်တိုင်း ဝမ်းသာမိပါတယ်” ဟု မော်လမြိုင်မြို့မှ “နိဓိမာန်” ရက်ကန်းလုပ်ငန်းရှင် ဦးထွန်းမြင့်က ပြောသည်။

ပြည်တွင်း၌ မွန်ရိုးရာအထည်များ ဝတ်ဆင်မှု၊ ရက်လုပ်ရောင်းချမှုများ ရှိသည့်အတွက် ပြည်နယ်အတွင်း ရိုးရာအထည် ရက်လုပ်ရောင်းချသူများ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေ ရန်အတွက် အလားအလာရှိသော ဒေသထွက်ကုန်များမှ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်တွင် ထည့်သွင်းကာ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်အစိုးရအနေဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။ 
ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသ တစ်ခုထုတ်ကုန်တစ်ခု (One Region One Product) ဟူသောအစီအစဉ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ အပါအဝင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်ရင်းဖြစ်သည်။
 
ထို့အတူ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရရှိရန်အတွက်လည်း ရည်ရွယ်သည်။
“မွန်ပြည်နယ်ကနေ ရော်ဘာ၊ မုဒုံစောင်၊ သစ်သီးယိုမျိုးစုံ၊ ဝါးနဲ့ ပတ်သက်တာတွေ၊ သစ်သားပန်းပုရုပ်လုပ်ငန်းတွေ၊ ဆားလုပ်ငန်းတွေ၊ ငါးခြောက်လုပ်ငန်းတွေနဲ့ ဒူးရင်းသီးစိုက်ပျိုးတာ စတာတွေရှိပါတယ်။ ဒီထဲမှာ မွန်ရိုးရာ ထဘီ၊ ပုဆိုး တွေဟာ မွန်တိုင်းရင်းသားတွေသာမကဘဲ တခြားတိုင်းရင်းသားပြည်သူတွေလည်း ဝတ်ဆင်ကြတဲ့ ရိုးရာအထည်တွေ ဖြစ်လာပါတယ်။ ဒီတော့ပြည်နယ်က ဒေသခံစီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့အတွက် ဈေးကွက်ပိုရရှိအောင် One Region One Product အစီအစဉ် တွေနဲ့ တိုးမြှင့်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း

မွန်ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မုဒုံမြို့) ကို ဖွင့်လှစ်ကာ ဒေသခံများအား သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မုဒုံမြို့) တွင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်မှုတစ်နှစ် သင်တန်းနှင့် လက်ရက်ကန်း ခြောက်လ သင်တန်းတို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း ပြည်နယ်အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ

အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ရက်ကန်းသင်တန်းများကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက်အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာ အတတ်ပညာများ ဖြန့်ဖြူးပေးရန်၊ ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာ သော အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

“ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က ပြည်နယ်ရဲ့ ရိုးရာအမွေအနှစ် ရက်ကန်းလုပ်ငန်း မပျောက်ပျက်အောင် ဖြစ်ပါတယ်။ ခေတ်ကာလ ပြောင်းလဲလာတော့ အရင်လို ရက်ကန်းတစ်ခုတည်းပေါ်မှာ မှီခိုလို့မရတော့ တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ကြတာမျိုးတွေတော့ ရှိပါတယ်။ အားသာချက်တစ်ခုက ဈေးကွက်မှာ နေရာတစ်ခုရှိတဲ့ ရိုးရာဝတ်စုံဖြစ်တဲ့အတွက် ဒီလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကို ဖွံ့ဖြိုးမှု ရရှိအောင်ဌာနအနေနဲ့ သင်တန်းတွေ ဖွင့်လှစ်ပြီး အသိပညာပေးသွားမယ်။ ပြီးတော့ နည်းပညာအကူအညီ ရရှိအောင်၊ အထောက်အပံ့တွေရရှိအောင် တတ်အား သမျှ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်နယ်အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရိုးရာထည်ရက်လုပ်သည့် လုပ်ငန်း များ၏ အခြေအနေသည် ဒေသတွင်း ထွက်ရှိသော ကုန်ကြမ်းများနှင့် ငွေကြေးအရင်းအနှီးတို့အပေါ်မူတည်ပြီး မိသားစု တစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်းများက များပြားပြီး အများအားဖြင့် စက် ကိရိယာအငယ်စားများ အသုံးပြုသည့် အသေးစား စက်မှုကုန်ထုတ်လုပ်ငန်းများ ဖြစ်သည်။ 

ခိုင်မာတဲ့တံဆိပ်ရှိတဲ့ ရိုးရာအထည်လုပ်ငန်း

“ရိုးရာအထည်လုပ်ငန်းက ဒေသထွက်ကုန်တစ်ခုအနေနဲ့ ရပ်တည်မှု ရှိတယ်။ ဒါပေမဲ့ တစ်နိုင်တစ်ပိုင်လေးတွေမှာ အခက်အခဲရှိကြတယ်။ တစ်နိုင်တစ်ပိုင် ရက်လုပ်တဲ့သူ အများစုက ရက်လုပ်ပြီးရင် ခိုင်မာတဲ့တံဆိပ်ရှိတဲ့ ရိုးရာအထည်လုပ်ငန်းကို ရောင်းချတာ များတယ်။ သူတို့ကိုယ်တိုင်က စားဝတ်နေရေးအခက်အခဲအတွက် တစ်နေ့ရက်ထည်ကို ခိုင်မာတဲ့ တံဆိပ်ရှိတဲ့ လုပ်ငန်းဆီအပ်ပြီး တစ်နေ့အပ်၊ ချက်ချင်းငွေပေါ်မယ့် အစီအစဉ်ကို သွားကြတာများတယ်။ သူတို့အတွက် ပိုကောင်းတဲ့ လုပ်ငန်းအခြေအနေကို ရစေချင်ပါ တယ်”ဟု “သုတ္ထထပ်” ရက်ကန်းလုပ်ငန်းရှင် ဒေါ်အေးမူက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စသည့်မြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများက မွန်ရိုးရာ အဝတ်အထည်များကို ရက်လုပ်ရောင်းချ ကြပြီး ပြည်နယ်အတွင်း မွန်ရိုးရာထဘီ၊ ပုဆိုးအပါအဝင် အထည်ရက်လုပ်သည့် လုပ်ငန်းရှင် ၄၀ ကျော်ရှိကြောင်း သိရသည်။

“ကျွန်မတို့က ရက်ကန်းရုံကနေ ရိုးရာအထည်တွေ ရက်လုပ်တယ်။ ဒေသ မှာလည်း ရက်လုပ်တယ်။ အခုက ပြည်တွင်းဈေးကွက်မှာ နေရာတစ်ခု တော့ရှိပါတယ်။ တစ်နိုင်ငံလုံး ဈေးကွက် ရရှိဖို့အတွက် အွန်လိုင်းကနေလည်း ရောင်းချတာမျိုးလည်း ရှိပါတယ်”ဟု ဒေါ်အေးမူက ဆိုသည်။

ပြည်နယ်အစိုးရအနေဖြင့် မွန်ရိုးရာ အဝတ်အထည်လုပ်ငန်း တိုးတက်ရေး အတွက် လုပ်ငန်းရှင်များအား ခေတ်မီဆန်းသစ်သောဒီဇိုင်းများ ထုတ်လုပ်လာစေရန် မွန်ရိုးရာအဝတ်အထည် ဒီဇိုင်းချုပ်လုပ်ခြင်းပြိုင်ပွဲများ ပြုလုပ် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်များတွင် မွန်ရိုးရာအဝတ်အထည်များ ဝင်ရောက်ပြသရောင်းချနိုင်ရေး
ထို့အတူ မွန်ပြည်နယ် ဝန်ကြီးချုပ် ပံ့ပိုးကူညီပေးမှုဖြင့် နိုင်ငံတော်အဆင့် အထိမ်းအမှတ်ပြပွဲများ၊ ဈေးရောင်း ပွဲတော်များ အပါအဝင် နေ့ထူးနေ့မြတ် ကျင်းပပြုလုပ်သည့် ပွဲတော်များတွင် မွန်ရိုးရာအဝတ်အထည်များ ဝင်ရောက် ပြသရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အပြင် မွန်ရိုးရာ အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို ဒေသတွင်း Supermarket များတွင် ရောင်းချနိုင်ရေး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းများနှင့် ချိတ်ဆက်ခြင်း၊ Hand Made များကို နိုင်ငံခြားသားများ ကြိုက်နှစ်သက်ကြသဖြင့် ဈေးကွက်ရရှိရေးတို့အတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးကူညီ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များ ဘက်ကလည်း ဒေသတစ်ခုထွက်ကုန် တစ်ခုဆီမှသည် ပိုမိုတိုးတက်မှုရှိသည့် ဒေသစီးပွား၊ နိုင်ငံ့စီးပွားရေးဖြစ်လာစေရန် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။     ။