ဇန်နဝါရီ ၂

မွန်တီနီဂရိုးနိုင်ငံတွင် ယမန်နေ့က အစုလိုက်အပြုံလိုက်ပစ်ခတ်ခံရမှုကြောင့်  ၁၀ ဦး ထက်မနည်း သေဆုံးခဲ့သည်။ နိုင်ငံအနောက်ပိုင်းမြို့ငယ်လေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦးက ယမန်နေ့မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့သည်ဟု ရိုက်တာနှင့် အခြားမီဒီယာက ဖော်ပြထားသည်။

၎င်းနောက် အဆိုပါအမျိုးသားသည် အခြားနေရာသုံးခုသို့ရွှေ့ပြောင်းကာ ဒေါသတကြီးဆက်လက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးတွင် ဘားဆိုင်ပိုင်ရှင်နှင့် ထိုပိုင်ရှင်၏ကလေးနှစ်ဦးပါဝင်ပြီး လေးဦးမှာ ထိခိုက် ဒဏ်ရာရရှိမှုပြင်းထန်သည်ဟု ဖော်ပြထားသည်။

ထိုအမျိုးသားသည် အသက် ၄၅ နှစ်အရွယ်ရှိပြီး အခင်းဖြစ်ရာနေရာမှထွက်ပြေးသွားကာ ရဲတပ်ဖွဲ့၏ပိတ်ဆို့ခံရမှုကြောင့် ၎င်းနေအိမ်အနီးတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြိုးစားခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

ယင်းပစ်ခတ်မှုနှင့် ပစ်ခတ်ရသည့်အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း သံသယရှိသူမှာ အရက်အလွန်အကျွံသောက်သူဖြစ်ပြီး ပစ်ခတ်မှုမဖြစ်ပွားမီက ထိုစားသောက်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ယမန်နေ့က ပစ်ခတ်မှုခံရမှုသည် မွန်တီနီဂရိုးတွင် လွန်ခဲ့သောသုံးနှစ်အတွင်း အုပ်စုလိုက်ပစ်ခတ်ခံရမှုဖြစ်ပွားခြင်းတွင် ဒုတိယအကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို