နေပြည်တော်     ၂     နိုဝင်ဘာ

 

           

မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့(ဗဟို)မှ ကြီးမှူးကျင်းပသော မွန်တိုင်းရင်းသား စီးပွား ရေးဖိုရမ် 2019 Mon Business Forum ဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မြို့ရှောင်လမ်းရှိ တော်ဝင်ဟင်္သာဟိုတယ်၌ ကျင်းပသည်။

 

အစီအစဉ် ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးယောဆက်နှင့် မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ မင်းဗညားစန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည် တော်များသည် မွန်တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ဒေသထုတ်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

အစီအစဉ် ဒုတိယပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ယနေ့အခမ်းအနားသည် မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၁၉ခုနှစ် မွန်တိုင်းရင်းသား စီးပွားရေးဖိုရမ် 2019 Mon Business Forum ဖြစ်၍ အလားအလာရှိသော စီးပွားရေးလုပ်ကွက်များ ဖော်ထုတ်နိုင်ရန်၊ ဒေသထွက်ကုန်များ၏ ဈေးကွက်ဖော်ဆောင်နိုင်ရန်၊ မွန်လုပ်ငန်းရှင်များကို စီးပွားရေး စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်၊ မွန်လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးကွန်ရက် အားကောင်း လာစေရန် ရည်ရွယ်ကျင်းပသဖြင့် စီးပွားရေးလုပ်ငန်းများ တိုးတက် စေမည့် ရလဒ်ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အသေးစားအလတ်စား အိမ်တွင်းစက်မှုလက်မှုများ ထွန်းကားမှသာ ဖွံ့ဖြိုးတိုးတက်မှုများ အပြည့်အဝ ခံစားရရှိစေမှာဖြစ်ကြောင်း၊ မွန်တိုင်းရင်းသားလုပ်ငန်းရှင်များက မွန်တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးတိုးတက်စေကာစီးပွားရေး စွမ်းဆောင်ရည်မြှင့်တင်စေရေး၊ အခြားသော တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်ပါ စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှု အားကောင်း လာစေရေးအတွက် မွန်တိုင်းရင်းသား စီးပွားရေးဖိုရမ် ကျင်းပ၍ယခု အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များကို စနစ်တကျ ဖော်ထုတ်ပြီး မွန်တိုင်းရင်းသားများသာမက အခြားသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာ၌ အထောက်အပံ့ဖြစ်စေ မည်ဖြစ်ပါကြောင်း။

 

 ထို့အပြင်တိုင်းရင်းသားများ၏ စာပေ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တိုင်းဒေသကြီးပြည်နယ်များ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တိုင်းရင်းသား ဘာသာစာ ပေသာမက ကျောင်းသင်ဘာသာရပ်များ သင်ကြားနိုင်ရေး အထောက်အကူပြု Teaching Assistant ဆရာဆရာမများ၅၁၆၁ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ၇၁၁၀ ခန့်ထားနိုင်ခဲ့ရာ မွန်ပြည်နယ်၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်၄၆၃ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌  ၃၉၈ဦး၊ ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး မွန်ပြည်နယ်တို့တွင် မွန်တိုင်းရင်းသား ဘာသာသင် ဆရာဆရာမ၃၂၉ဦး ခန့်ထားနိုင်ခဲ့ပါကြောင်း၊ Teaching Assistant ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ ရှိနေသော်လည်း ယခုလို ခန့်ထားနိုင်ခြင်းသည် တိုင်းရင်းသားများ အတွက် တိုးတက်မှုတစ်ခုဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသည့် စီးပွားရေး လုပ်ငန်းများကို စနစ်တကျစည်းကမ်းရှိရှိ လုံ့လဝီရိယ၊ ရိုးသားဖြောင့်မတ်မှုများဖြင့် ဆောင်ရွက်မှသာ နိုင်ငံတွင်သာမက ကမ္ဘာမှာပါ ထိုးဖောက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆိုသည့် တိုင်းရင်းသား ထုတ်ကုန်များကို စနစ်တကျ ခေတ်မီပုံစံများဖြင့် ကမ္ဘာကို ထိုးဖောက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက် နိုင်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးယောဆက်မှ နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ မင်းဗညားစန်းက 2019 Mon Business Forum ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။အခမ်းအနားကို မွန်တိုင်းရင်းသာလုပ်ငန်းရှင်များအသင်း Website ဖွင့်လှစ်၍ ရုပ်သိမ်းခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားအပြီး ဖိုရမ်အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူ များအား စီးပွားရေးအသိအမြင်များ တိုးပွားလာစေရန် ပညာရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ တတ်သိပညာရှင်များက Panel Discussion ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများက မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။  

 

2019 Mon Business Forum ကျင်းပခြင်းဖြင့် မွန်ဒေသရှိ မွန်လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ပူးပေါင်း လုပ်ဆောင်မှု အားကောင်းလာနိုင်မည် ဖြစ်သည်။ 2019 Mon Business Forumကို နိုဝင်ဘာ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)