မန္တလေး ၁၃ ဖေဖော်ဝါရီ

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ (၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့်နံပြားများ ပေးဝေခြင်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြား၊ကျန်စစ်သားလမ်းနှင့် ဗန္ဓုလလမ်းကြားရှိ မန္တလာတံခွန် ပန်းခြံတွင် ယနေ့ နံနက် ၇ နာရီ က ကျင်းပပြုလုပ်သည်။

 

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ပဲပြုတ်နှင့်နံပြားပေးဝေတာပါ၊ နံပြားအခုရေ လေးထောင်ရှိပါတယ်၊ ဗိုလ်ချုပ် ကြိုက်နှစ်သက်ခဲ့တဲ့ ပဲပြုတ်နဲ့နံပြားကို ဗိုလ်ချုပ်မွေးနေ့မှာ တိုင်းပြည်ပေါ်မှာ ဗိုလ်ချုပ် စွမ်းဆောင်ခဲ့တာတွေ၊ သစ္စာရှိခဲ့တာတွေကို ကလေးများအောက်မေ့တသ ဖြစ်အောင် နှင့် အတုယူ နိုင်အောင် ရည်ရွယ်ပြီး ပေးဝေတာဖြစ်ပါတယ်၊ ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင် က ပြောကြားသည်။

 

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာချစ်ကိုကိုနှင့် ဦးဇော်မောင်မောင်၊မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊အလှူရှင်များ၊ ပြည်သူများ တက်ရောက် ခဲ့ကြပြီး အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ခရိုင်ဦးစီး အရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)