မန္တလေး ၁၅ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး သံသယရှိလူနာများ လက်ခံပြုစုစောင့်ရှောက်ပေးနိုင်ရေးအတွက် မန္တလေးချမ်းမြသာစည်မြို့နယ် ၇၃လမ်းရှိ မန္တလာသီရိဘက်စုံ အားကစားရုံတွင် Quarantine စင်တာအဖြစ် ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

 

မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာ သန်းသန်းမြင့်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းနှင့် တာဝန်ရှိသူများက စေတနာအလှူရှင်များက ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အခန်းများဖွဲ့စည်းမှု၊ ကျန်းမာရေးသုံးပစ္စည်းများတပ်ဆင်မှု၊ အိပ်ရာအိပ်ခင်းများနှင့် လျှပ်စစ်မီးနှင့်ရေရရှိမှုများတို့အား ရှင်းလင်းတင်ပြသည်။

 

မန္တလာသီရိဘက်စုံအားကစားရုံကို QuarantineCenter အဖြစ် အသုံးပြုရန် လိုအပ်သောမွေ့ရာ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ထိုင်ခုံများပံ့ပိုးကူညီပေးပြီး သံသယရှိလူနာများအတွက် အစားအသောက်အစီအစဉ်များကို စေတနာရှင်များက လှူဒါန်းသွားမည်ဖြစ်ပြီး သံသယရှိလူနာ၂၀၀ လက်ခံပြုစုစောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။ မန္တလေးမြို့တွင် ပိုးတွေ့လူနာများအား ကန်တော်နဒီဆေးရုံ၊ ကုတင်(၃၀၀)သင်ကြားရေးဆေးရုံတို့တွင် လက်ခံကုသပေးလျက်ရှိပြီး တိုင်းရင်းဆေးရုံ (မန္တလေး)ကိုလည်း ကုတင်(၁၀၀)ဆံ့ Covid-19 ရောဂါကုသရေးဌာနအဖြစ် ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိသည်။

 

မောင်ပြည်သူ(မန္တလေး)