မန္တလေး ၂၉ ဇူလိုင်
မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရွှေခဲရေဆိုးထုတ် စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် အဆိုပါနေရာရှိ ပျက်စီးသွားသည့် လမ်းအား ပြည်သူများ အမြန်ဆုံးအသုံးပြုခွင့်ရရန် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါလမ်းပိုင်းနေရာသည် အသုံးပြုနိုင်နေပြီဖြစ်သော်လည်း ရေဝင်ရောက်ခဲ့မှုကြောင့် မြစ်ရေများ ပြန်လည်စုပ်ထုတ်မှု လုပ်ငန်းလုပ်ဆောင်နေခြင်း၊ စက်ယန္တရားများဖြင့် အလုပ်လုပ်နေခြင်း၊ ဧရာဝတီမြစ်ရေတက်နေခြင်းတို့ကြောင့် ပြည်သူများ အသုံးပြုဖို့ကို ခွင့်မပြုသေးကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ သိရသည်။
ရေစုပ်ထုတ်ခြင်းကို တစ်နာရီလျှင် ရေဂါလန်(၆)သန်းနှုန်းဖြင့် စုပ်ထုတ်ပြီး (၂၄)နာရီ ဆောင်ရွက်လျက်ရှိရာ တစ်ရက်လျှင် ရေဂါလန်(၁၄၄)သန်း စုပ်ထုတ်နေခြင်းဖြစ်သည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနမှ သိရသည်။


