မန္တလေး ၇ အောက်တိုဘာ
မန္တလေး အမရပူရမြို့နယ်အတွင်းရှိ သမိုင်းဝင်မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရား နှစ်ပေါင်း ၂၀ဝ ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ပုထိုးတော်ကြီးဘုရားဂေါပကအဖွဲ့မှ သိရသည်။
ပုထိုးတော်ကြီးဘုရားကို ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် ဘကြီးတော်စစ်ကိုင်းမင်း တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပြီး အမရပူရမြို့၏ ဂုဏ်သရေဆောင် ကြီးမြတ်လေးဆူတွင် တစ်ဆူ အပါအဝင် ဖြစ်ကာ လာမည့် ၂၀၂၀ ပြည့် နှစ် မတ်လတွင် နှစ် ၂၀ဝ ပြည့်အထိမ်းအမှတ်အဖြစ် ဗုဒ္ဓပူဇနိယပွဲတော်ကို ပုထိုးတော်ကြီးဘုရားတွင် ကျင်းပသွားမည် ဖြစ်သည်။
"ဘုရားပွဲနဲ့အတူ နှစ် ၂၀ဝပြည့်ပွဲကိုပါ ကျင်းပသွားမယ်။ ပွဲကျင်းပနိုင်ဖို့အတွက် အစည်းအဝေးပြုလုပ် ဆုံးဖြတ်ပြီးပါပြီ။ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ခွင့်ပြုပြီးသားပါ။ အခုထီးတော်အသစ် ပြန်တင်လှူပြီး သွားပြီဆိုတော့ အထိမ်းအမှတ်ပွဲကို ထူးထူးခြားခြားကျင်းပသွားမယ်" ဟု အဆိုပါ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
မန္တလေး အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရားမှာ ၂၀၁၅ ခုနှစ် မေ ၈ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်ပန်းလည်တိုင်မှ နှစ်ပိုင်းပြတ်ထွက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်ကြီးတို့ ပျက်စီးပြီး ချရားသီးတော်ကြီး အက်ကွဲခဲ့သောကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က သတ္တမအကြိမ်မြောက် ထီးတော်သစ် တင်လှူခြင်းအဖြစ် ငှက်မြတ် နားတော်နှင့် စိန်ဖူးတော် အထွတ်တင် မင်္ဂလာပွဲကျင်းပခဲ့ကြောင်း သိရသည်။
ထီးတော်သစ်ကို အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမှ မတည်ငွေနှင့် အများမှ လှူဒါန်းထားသောငွေ စုစုပေါင်း ကျပ်သိန်းတစ်သောင်းခန့် အကုန်ကျခံကာ တင်လှူပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဂေါပကအဖွဲ့မှ သိရသည်။
သူရိန်လင်း


