၂၉ ဧပြီ
ယခုနှစ် ၂၀၁၉ခုနှစ်တွင် မန္တလေးမြို့တည်နန်းတည်အနှစ် ၁၆၀ တင်းတင်းပြည့်သည်။ မြန်မာသက္ကရာ ဇ်အလိုအရ ၁၂၂၁ ခု၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှ၇ ရက်နေ့အကူးတွင် မန္တလေးရတနာပုံရွှေမြို့တော်ကြီး အလုံးစုံအသုံးခံ ပြီးစီးအောင်မြင်သည်ဟုဆို၍ မြန်မာ သက္ကရာဇ် ၁၃၈၁ ခု၊ ကဆုန်လပြည့်ကျော် ၆ ရက်(မေလ ၂၄ ရက်)မှ ၇ ရက်(မေလ ၂၅ရက်) အကူးတွင်အနှစ်၁၆၀ တင်းတင်းပြည့်ခြင်းဖြစ်၏။
မြို့တည်နန်းတည် သတ္တဌာန
ရတနာပုံနေပြည်တော် မန္တလေးကို “အင်းကြီး ကြာအုံ” ရတနာပုံ၊ “အုတ်ကျစ်ကျော်အေး” မန္တလေး ဟူသော လင်္ကာအရ သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့၊ ညဉ့် ၃ချက်တီးကျော်၊ ၇ရက်တနင်္လာနေ့သို့အဝင်၊ ၄ နာရီ ၂ ပါဒ်အချိန်၊ ၁၈၅၉၊ မေ ၃ရက်မှစ၍ မန္တလေး ရတနာပုံရွှေမြို့တော်ကြီးကို မော်ကွန်းစိုက်ထူခဲ့သည်။ မြို့တော်တည်သည်နှင့်အတူ ရွှေပန္နက်ချလျက် ခုနစ်ဌာနကိုလည်း တစ်ကြိမ်တည်း ပန္နက်ချဆောက်သည်။ ထိုခုနစ်ဌာနတို့မှာ (၁)ရွှေမြို့တော်၊ (၂) ကျုံးတော်၊ (၃)မဟာလောကမာရဇိန်စေတီတော်၊ (၄) မဟာအတုလဝေယန်ကျောင်းတော်၊ (၅) သုဓမ္မာဇရပ်တော်၊ (၆) ပဋ္ဌာန်းဟောရွှေသိမ်တော်၊ (၇) ပိဋကတ်တိုက်တော်တို့ဖြစ်သည်။ မန္တလေးနန်းတော် မြို့တံခါးပေါက်ကြီးများတွင် အထက်ဖော်ပြပါ ခုနှစ် သက္ကရာဇ် စာသားအတိုင်း ရတနာပုံမြို့တည်နန်းတည် တံခါးအမည်မှတ်တမ်းကို စာ(၆)ကြောင်းဖြင့်မော်ကွန်းတိုင် ရေးထိုးစိုက်ထူထားကြောင်း တွေ့မြင်နိုင်သည်။ အဆိုပါ သတ္တဌာနအနက် ရွှေမြို့တော်မှ မြနန်းစံကျော် ရွှေနန်းတော်ကြီးအပါအဝင် နန်းဆောင်များ၊ အချို့သော တံခါးပြာသာဒ်များ၊ ပြအိုးများ၊ ထောင့်ပြာသာဒ်ကြီးများ၊ မဟာအတုလဝေယန် ကျောင်းတော်၊ သုဓမ္မာဇရပ်တော်၊ ပိဋကတ်တိုက်တော်တို့မှာ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။
မန်းရာပြည့်ပွဲတော်
ကုန်လွန်ခဲ့သော နှစ်၆၀၊ ၁၃၂၁ ခု(ခရစ်နှစ် ၁၉၅၉ ခု)ခုနှစ် မန္တလေးအနှစ် ၁၀ဝ ပြည့်ခဲ့သည်။ ‘မန်း ရာပြည့်’ ဟု အလွန်တိကျ ကျစ်လျစ်သောနာမည်ဖြင့် ပွဲကြီးဝှဲချီးကျင်းပခဲ့သည်။ မန်းရာပြည့်ပွဲတော်ကြီး ဝှဲချီး ကျင်းပခဲ့သော မန္တလေး တောင်ခြေက အကျယ် ၅၅ ဧကရှိသည့် ကွင်းကြီးမှာလည်း ‘မန်းရာပြည့်ကွင်း’၊ ‘ရာပြည့်ကွင်း’ဟု ခေတ်အဆက်ဆက် ထင်ရှားခဲ့သည်။ မန္တလေးမြို့လုံးဆိုင်ရာ လူထုချီတက်ပွဲကြီးများ၊ စည်းဝေး ပွဲကြီးများ၊ ပြည်ထောင်စုနေ့ကဲ့သို့ အခမ်းအနားကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဈာပနပွဲတော်ကြီးများကို မန်းရာပြည့်ကွင်းတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။ မန်းရာပြည့်ကွင်းကြီးတွင် အစဉ်အဆက် ကျင်းပခဲ့သော ပွဲကြီးများ၏ အခင်းအကျင်းများမှာ အရှေ့ဘက်က ဆီးမိုးထားသော မန္တလေးတောင်တော်ကြီး၏ နောက်ခံမြင်ကွင်းဖြင့် အလွန် တင့်တယ်ခဲ့သည်။
နှစ်တစ်ရာပြည့်မှာ ပြာကျ ဘာမှမကျန်ပါပြီ
သို့သော် ထိုစဉ်ကာလက ဒုတိယကမ္ဘာစစ်ကြီး ဒဏ်ကြောင့် မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအဝင် အဆောင်ဆောင်ကြငှန်းပြာသာဒ်တို့မှာ ငုတ်တိုမျှပင်မကျန် အုတ်ခုံသာ ကြည့်စရာကျန်တော့သည်။ ကျုံးတော်ကလည်း ရေမှော်ဗေဒါပိတဖုံး ရွှံ့နုန်းဖုံးလုဖြစ်ခဲ့၏။ ထို့ပြင် အုတ်မြို့ရိုးကလည်း မော်တာဗုံးဆန်များ ကြောင့် နေရာအနှံ့ ဒဏ်ရာဒဏ်ချက်များကြောင့် ဖာထေးပြုပြင်ထားရသည်။ ၄၈ ရပ် ပြာသာဒ်များ ကတော့ အားလုံးလိုလို ဘေးသင့်ပြိုလဲကာ မုခ်ပေါက်အားလုံး ငုံးတိတိဖြစ်ခဲ့ရသည်။ အနှစ် ၁၀ဝ ပြည့် ကျင်းပသည့် မန်းရာပြည့်ကွင်းအတွင်း စပ်ပန်းချီ မဏ္ဍပ်ဖြင့်သာ နန်းတော်အလွမ်းဖြေပွဲ ကျင်းပခဲ့ရသည်။ မြို့တည်နန်းတည် ခုနစ်ဌာနတွင် မဟာလောကမာရဇိန်ဘွဲ့ချီကုသိုလ်တော်စေတီသာ အကောင်းပကတိကျန်ပြီး ပဋ္ဌာန်းဟောရွှေသိမ်တော် သုဓမ္မာဇရပ်တော် ပိဋကတ်တိုက်တော်တို့လည်း စစ်ဘေးမီးဘေးကြောင့် အရာမျှ သာကျန်ကာ မဟာအတုလဝေယံဘွဲ့ချီ အတုမရှိကျောင်းတော်ကြီးကလည်း အုတ်ခုံမျှသာ ရှုစရာ ကျန်တော့သည်။ မန်းရာပြည့်ကား သတ္တဌာန မစုံလင်ဆုံးနှင့် ]နှစ်တစ်ရာပြည့်မှာ ပြာကျ ဘာမှ မကျန်ပါပြီ} ဟူသော သံဝေဂတေးဖြင့် တက်ခေါက်အံကြိတ် ကျင်းပခဲ့ရသည့်ပွဲတော်ဖြစ်ပါ၏။
မန္တလေးအနုပညာပုံရိပ် ပွဲတော်
ထို့နောက် ကောဇာသက္ကရာဇ် ၁၃၇၁ခုနှစ် ကဆုန်လပြည့်ကျော် ၆ရက် (၂၀ဝ၉ခုနှစ် မေလ ၁၄ရက်) နေ့တွင် မန္တလေးမြို့တည် နန်းတည် အနှစ်၁၅၀ပြည့်သည်။ မန္တလေးမြို့တည် နန်းတည် အနှစ်၁၅၀ပြည့်အထိမ်း အမှတ်အဖြစ် မန္တလေးမြို့မိမြို့ဖများနှင့် စာပေဂီတ သဘင် ပန်းဆယ်မျိုးအနုပညာရှင်များ စုစည်း၍ အကြို အဖြစ် မန္တလေးအနုပညာပုံရိပ် ပွဲတော်ကို အမျိုးသား ဇာတ်ရုံတွင် ၂၀ဝ၉ခုနှစ် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်ကြီးတွင်မြို့မတူရိယာအသင်းကြီးနှင့်အတူ မန္တလေးမြို့မှ စာပေ၊ သဘင်၊ ပန်းချီ၊ ဂီတပညာရှင် နှစ်ရာကျော်က မန္တလေးအနုပညာများကို ရတနာပုံမြို့တည်နန်းတည် အနှစ်(၁၅၀) အထိမ်းအမှတ်အဖြစ် ပူးပေါင်းလက်တွဲ အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက် ရတနာပုံမ္တလေးမြို့တည်နန်းတည် အနှစ်(၁၅၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကြီးကို မေလ ၁၄ ရက်မှ ၁၆ရက်အထိ ကျင်းပခဲ့သည်။ အကြိုအစီအစဉ်အဖြစ် စာတမ်းဖတ်ပွဲများကို ဧပြီ ၂၈ရက်မှ ၃၀ ရက်ထိကျင်းပကာ အလွတ်တန်း၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲလည်း ကျင်းပခဲ့သည်။
အနှစ်(၁၅၀)ပြည့်အထိမ်းအမှတ်ပွဲတော်
မေလ ၁၄ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့ ဗိုလ်ရှုခံမဏ္ဍပ်တွင် ဝင်းခင်းအစီအစဉ်များဖြင့် ကျင်းပကာ မန္တလေးတောင်ခြေ အားကစားကွင်းတွင် မြန်မာ့ရိုးရာ အားကစားပွဲတော်များ၊ ဈေးပွဲတော်များနှင့် ကုသိုလ်တော်ဘုရားဝန်းကျင်တွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ တီးဝိုင်းများဖြင့် အခမဲ့ကြည့်ချင်ပွဲများကျင်းပခဲ့သည်။ မြို့တော်ခန်းမ (၁)တွင် ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲ၊ ရွှေချည်ထိုးပြပွဲ၊ မြန်မာမှုလက်ရာပြပွဲများ ခင်းကျင်းပြသခဲ့ကာ ဗထူးအားကစားကွင်းတွင် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ ကျင်းပခဲ့သည်။
မန္တလေးမြို့နှင့်ပတ်သက်သည့် ဂန္တဝင်စာအုပ်ပြပွဲနှင့်စာအုပ်အရောင်းပွဲကို လမ်း ၈၀၊ ၃၃_၃၄လမ်းကြားရှိ ရတနာပူရခန်းမတွင် ကျင်းပခဲ့ပြီး အထိမ်းအမှတ်စာစောင်ကိုလည်း ထုတ်ဝေကာ အထိမ်းအမှတ်မဂ္ဂဇင်း ကိုလည်း ဆက်လက်ထုတ်ဝေခဲ့သည်။ အကြိုပွဲတော်အစီအစဉ်တစ်ခုအဖြစ် မြို့မတေးဂီတအဖွဲ့နှင့် နာမည်ကျော် ဂန္တဝင်အဆိုတော်ကြီးများ၏ ဂန္တဝင်မြန်မာသံ သီဆိုဖျော်ဖြေမှုပွဲတော်ကိုလည်း မေလ ၁၀ ရက်နှင့်၁၁ ရက်တို့တွင် ကျင်းပခဲ့သည်။
သတ္တဌာနတို့ ပြည့်စုံသည့် ကြုံတောင့်ကြုံခဲ အခါသမယ
မန္တလေးအနှစ်၁၅၀ ကျင်းပစဉ်ကာလ ၂၀ဝ၉ ခုနှစ်ကလည်း မဟာလောကမာရဇိန်ကုသိုလ်တော် အပါအဝင် ကျုံးတော်၊ မြနန်းစံကျော် ရွှေနန်တော်ကြီးနှင့်ရွှေမြို့တော်၊ မဟာအတုလဝေယန် အတုမရှိကျောင်း တော်ကြီးတို့ ပြုပြင်တည်ဆောက်ခြင်းဖြင့် မျက်ဝါး ထင်ထင် မြင်တွေ့နေကြရသော်လည်း ပဋ္ဌာန်းဟော ရွှေသိမ်တော်၊ သုဓမ္မာဇရပ်တော်နှင့် ပိဋကတ်တိုက်တော်တို့မှာ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေး၍ မြို့တည်နန်းတည် သတ္တဌာနမှာ မစုံလင်ခဲ့သေးပါ။ ယခု ကောဇာသက္ကရာဇ် ၁၃၈၁ခုနှစ် ကဆုန်လပြည့်ကျော် ၆ရက် (၂၀၁၉ ခုနှစ် မေလ ၂၄ရက်) တွင် မန္တလေးမြို့တည်နန်းတည် အနှစ်၁၆၀ တင်းတင်း ပြည့်ပါပြီ။ အနှစ်၁၆၀ပြည့်တွင် ထူးခြားသည်မှာပဋ္ဌာန်းဟော ရွှေသိမ်တော်၊ သုဓမ္မာဇရပ်တော်နှင့် ပိဋကတ်တိုက်တော်တို့မှာ မန်းရာဇာမိသားစု၏ ကောင်းမှုကုသိုလ်ဖြင့် မူလပုံစံအတိုင်း ပြန်လည်တည်ဆောက် ပြီးစီးပါပြီ။ ထို့ကြောင့် (၁) ရွှေမြို့တော်၊ (၂)ကျုံးတော်၊ (၃)မဟာ လောကမာရဇိန် စေတီတော်၊ (၄)မဟာအတုလဝေယန်ကျောင်းတော်၊ (၅)သုဓမ္မာဇရပ်တော်၊ (၆)ပဋ္ဌာန်းဟော ရွှေသိမ်တော်၊ (၇)ပိဋကတ်တိုက်တော် မြို့တည်နန်းတည် သတ္တဌာနတို့ ပြည့်စုံသည့် ကြုံတောင့်ကြုံခဲအခါသမယလည်း ဖြစ်ပါ၏။
ဘယ်လိုအထိမ်းအမှတ်နှင့် ဂုဏ်ပြုကြမလဲ
တကယ်တော့ မန္တလေးမြို့သည် ရတနာပုံနေပြည်တော်အဖြစ်မှ အနှစ် ၁၆၀ ပြည့်ပြီဟု ဆိုသည်နှင့်အတူ လွန်ခဲ့သော နှစ်ပေါင်း ၉၀ဝ ဝန်းကျင်ကတည်းက သည်နေရာသို့ ပုဂံပြည်မှ မင်းရှင်စော ရောက်ရှိခဲ့၏။ ဖခမည်းတော် ‘သီရိတြိဘာဝနာဒိတျာပဝရပဏ္ဍိတ သုဓမ္မရာဇာ’ဘွဲ့ခံ အလောင်းစည်သူမင်းကြီး၏ အမျက်တော်ရှမှုကြောင့် ပုဂံပြည်မှ ‘ပြည်နှင်’ ဒဏ်ခံရရှာသော မင်းရှင်စောတစ်ယောက် ဆင်မြင်းဗိုလ်ပါ အလုံးအရင်း နှင့် (ယခု) မန္တလေးဒေသဝန်းကျင်သို့ ထွက်ခွာခဲ့ရ ခြင်းဖြစ်သည်။ ပထမဦးစွာ မြစ်ငယ် မက္ခရာအနီး မြို့သာမြို့၊ ဒုတိယမြို့သစ်မြို့၊ တတိယ မြစ်ငယ်မြစ် တောင်ဘက်တပျက်သာ မြို့သုံးမြို့ တည်ထောင်ခဲ့သည်။ ထို့နောက်စတုတ္ထမြို့ဖြစ်သော ပူတက်မြို့ကို တည်ထောင်ပြီး ကန်တိလိ(ခေါ်) အောင်ပင်လယ်ကန်ကို ပုဂံခေတ်၅၁၃ ခုနှစ် ကတည်းက ဆည်တော်မူခဲ့ခြင်းဖြစ်သည်။ ရတနာပုံဟူသော အမည်နာမသည်ပင် မင်းရှင်စော၏ မယ်တော် မိဖုရားကြီးအမည်ဟု သိရသည်။
ကုန်လွန်ခဲ့သော နှစ်ပေါင်း ၉၀ဝ ဝန်းကျင်ကတည်းက မြို့ပြထူထောင်ခဲ့ကာ အဆိုပါနေရာကို အခြေပြုပြီး သက္ကရာဇ် ၁၂၂၁ခုနှစ်တွင် ရတနာပုံနေပြည်တော်အဖြစ် ဝင့်ထည်ခဲ့သော မန္တလေး၊ အခုနှစ်ပေါင်း ၁၆၀ပြည့်ပြီတဲ့။ ဘယ်လို အထိမ်းအမှတ်နှင့် ဂုဏ်ပြုကြမလဲလေ။ ။
ဆူးငှက်