မန္တလေး ၂၇ ဖေဖော်ဝါရီ


မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် စာမေးပွဲကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်၍ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ နစ်နာမှု မရှိစေရန် သီးသန့်စာဖြေဌာန ထားရှိမည်ဖြစ်ကြောင်း အဆိုပါဆေးရုံ ကြီးရှိ ဆေးလူမှုဆက်ဆံရေးဌာနမှ သိရသည်။


၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ များအား ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော ဖျားနာကုသဆောင် အရှေ့ဘက်ရှိ အဆောင်တွင် သီးသန့်စာဖြေဌာနအဖြစ် ထားရှိရန် လျာထားပြီး စာမေး ပွဲ ကာလအတွင်း ဆေးရုံတက်ရောက်ရသည့် ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲ ဖြေဆိုနိုင်ရန် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။


"သက်ဆိုင်ရာ ဌာနတွေကိုလဲ အကြောင်းကြားထားတယ်။ ကျောင်းတွေနဲ့ လူနာဆောင်တွေကိုလဲ ချိတ်ဆက် အကြောင်းကြားပြီးပြီ။ စာမေးပွဲကာလအတွင်း ချက်ချင်းရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အရေးပေါ်ဌာနမှာ ဖြေဆိုနိုင်အောင်လဲ စီစဉ်ထားပါတယ်" ဟု အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောသည်။


စာမေးပွဲကာလအတွင်း စာမေးပွဲဖြေနေစဉ် ရုတ်တရက် ဆေးရုံရောက်ရှိလာသည့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အရေးပေါ်လူနာ လက်ခံရာဌာနတွင် ဖြေဆိုနိုင်ရန်အတွက်လည်း ပြင်ဆင်သွားမည်ဖြစ်ပြီး ဆေးလူမှု ဝန်ထမ်းများကို ၂၄ နာရီ လုပ်ငန်းဆောင်ရွက်နိုင်ရန် တာဝန်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။


စာမေးပွဲကာလတွင် သွေးလွန်တုပ်ကွေး၊ ဖျားခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ စိတ်လှုပ်ရှား၍ ကတုန်ကယင်ဖြစ်ခြင်း၊ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ခြင်းတို့ ကြောင့် ကျောင်းသား၊ ကျောင်းသူများဆေးရုံသို့ အများဆုံး တက်ရောက်ရခြင်းဖြစ်ကြောင်း၊ ပြင်ပဆေးရုံဆေးခန်းများတွင် ဖြေဆိုခွင့်မရှိဘဲ အစိုးရဆေးရုံများတွင်သာ ဖြေဆိုခွင့်ရှိကြောင်း သိရသည်။


သူရိန်လင်း