မန္တလေး ၄ ဧပြီ

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အတွင်းရှိ  ဗဟိုအကျဉ်းထောင် (မန္တလေး)တွင် အကျဉ်းသားများ နေသည့်အတွက် အကျဉ်းဆောင် တိုးချဲ့တည်ဆောက်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောသည်။

 

ဧပြီလ ၃ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များနှင့်ပတ်သက်ပြီး ပြန်လည်ရှင်းလင်းရာတွင် အဆိုပါစကားကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

"ဗဟိုအကျဉ်းထောင်(မန္တလေး)မှာ လူဦးရေ ၆၀ဝ ခန့်ဆံ့တဲ့ အကျဉ်းထောင်တစ်ခု တည်ဆောက်နေပါတယ်။ အခြားအကျဉ်းထောင်တွေမှာလည်း ဘဏ္ဏာငွေ ရရှိမှုပေါ် မူတည်ပြီး ဆောင်ရွက်သင့်ပါတယ်" ဟု ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာတွင် ဗဟိုအကျဉ်းထောင် (မန္တလေး) ၌ ရှိသင့်သည့်ပမာဏထက် သုံးဆခန့်ပိုများနေကြောင်းဖော်ပြထားသည်။

 

ဗဟိုအကျဉ်းထောင်(မန္တလေး)အတွင်း၌ ယခုဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံကျပ်(၆၃၇၉)သိန်းဖြင့် တည်ဆောက်နေသည့် အကျဉ်းဆောင်သစ်မှာ ၂၆၀×၂၆×၂၇ ရှိသည့် ၃ခန်းတွဲ ၂ ထပ်ဆောင်ဖြစ်ကြောင်း သိရသည်။

 

ဗဟိုအကျဉ်းထောင်(မန္တလေး)တွင် အကျဉ်းဦးစီးဌာန(ရုံးချုပ်) ၏ ၆.၈.၂၀၁၂ ရက်စွဲပါ စာအရ ထားရှိသင့်သည့် အကျဉ်းသားအရေအတွက်မှာ ၃၀ဝ၀   ဖြစ်သော်လည်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ၃၁.၃.၂၀၁၈ အရ အကျဉ်းသား/အချုပ်သား အမျိုးသား ၇၂၃၆ ဦး၊ အကျဉ်သား/အချုပ်သား အမျိုးသမီး ၁၁၄၃ ဦး ၊ စုစုပေါင်း ၈၃၇၉ ဦးရှိ ကြောင်းဖော်ပြထားသည်။

 

လက်ရှိအချိန်၌ မန္တလေးတိုင်းဒေသကြီးအတွင်း၌ အကျဉ်းထောင်(၅)ခုနှင့် အလုပ်စခန်း(၇)ခုရှိပြီး၊ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက် စာရင်းများအရ စုစုပေါင်းအကျဉ်းသား အချုပ်သားအရေအတွက် (၁၄၈၉၆)ဦး၊ အကျဉ်းသူ၊ အချုပ်သူ အရေအတွက် (၂၃၅၈)ဦး ရှိကြောင်း သိရသည်။

 

သူရိန်လင်း