မန္တလေး ၁၂ သြဂုတ်
မန္တလေး ဆန်ဈေးကွက်တွင် ယခုရက်ပိုင်းအတွင်းမှ စတင်ကာ ရွှေဘိုဘေးကျား ပေါ်ဆန်းဆန်ဈေးနှုန်းများ မြင့်တက်သွားခဲ့ကြောင်း မန္တလေးမြို့ ဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရသည်။
မန္တလေး ဆန်ဈေးကွက်တွင် အရောင်းအဝယ်အေး၍ ဆန်ဈေးနှုန်းများ တည်ငြိမ်ချိန်၌ ရွှေဘိုဘေးကျား ပေါ်ဆန်းဆန်များမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ရွှေဘိုဘေးကျားပေါ်ဆန်းဆန် တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ငွေကျပ် ၁၅၀ဝ ခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။
“ရွှေဘိုဘက်မှာ နယ်ဆန်အသစ်တွေ ပေါ်နေချိန်ဆိုတော့ ဆန်အသစ်တွေကိုပဲ ကြိတ်ချိန်ဖြစ်တဲ့အတွက် ဘေးကျားဆန်ကို မကြိတ်နိုင်လို့ ရွှေဘိုဘေးကျားပေါ်ဆန်းဆန်တွေ ဈေးတက်တယ်။ အဝယ်လိုက်လို့တော့ မဟုတ်ဘူး။ အရောင်းအဝယ်က ပုံမှန်ပါပဲ” ဟုမန္တလေးမြို့ရှိ ဆန်ကုန်သည် ဦးသိန်းဇော်က ပြောသည်။
လက်ရှိတွင် ရွှေဘိုဒေသထွက် နယ်ဆန်အသစ်များဖြစ်သည့် ရက် ၉၀၊ မန်းဧရာ စသည့်ဆန်များကိုသာ ကြိတ်ခွဲချိန်ဖြစ်သည့်အတွက် ရွှေဘိုဘေးကျားပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၁၅၀ဝ ခန့် ဈေးမြင့်တက်သွားခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေး ဆန်ဈေးကွက်တွင်လက်ရှိ ဆန်ဈေးနှုန်းများမှာ ပွဲရုံဈေး တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ရွှေဘိုဘေးကျား ပေါ်ဆန်းငွေကျပ် ၄၇၅၀ဝ မှ ၅၃၅၀ဝ၊ ရန်ကုန်ပေါ်ဆန်း ငွေကျပ် ၄၀ဝဝဝ မှ ၄၄၀ဝဝ၊ ပေါ်ကျွဲငွေကျပ် ၃၀ဝဝဝ မှ ၃၂၀ဝဝ၊ ကောက်ညှင်း(အသွယ်) ငွေကျပ် ၅၄၀ဝဝ မှ ၅၆၀ဝဝ၊ မဂျမ်းတော ငွေကျပ် ၄၁၀ဝဝ မှ ၄၂၀ဝဝ၊ နွေဇီယာ ငွေကျပ် ၄၁၀ဝဝ မှ ၄၂၅၀ဝ၊ အညာသား ငွေကျပ် ၂၄၀ဝဝ မှ ၂၅၀ဝဝ၊ မြီးကောက် ငွေကျပ် ၂၇၀ဝဝ မှ ၂၈၀ဝဝ၊ ဖန်သီးမနော် ငွေကျပ်၂၅၀ဝဝ မှ ၂၇၀ဝဝ တို့ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း


