မန္တလေး  ၂၁   မတ်

 

Covid 19ရောဂါနှင့် ပတ်သက်၍ ပြင်ပတွင် ဈေးများပိတ်မည်ဟု ကောလဟာလများ ထွက်ရှိနေသော်လည်း မန္တလေး ဈေးချိုတော်တွင် ပုံမှန်အတိုင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

"အပြင်မှာတော့ ကောလာဟာလတွေ ထွက်နေတာရှိတာပေါ့။ နယ်တွေမှာလည်း ဈေးချိုတော် ပိတ်မယ်ဆိုပြီးကြားတော့ စိုးရိမ်နေကြတာရှိတယ်။ ဈေးကတော့ ပုံမှန်အတိုင်း အရောင်းအဝယ်မပျက်ပါဘူး။ ဈေးပိတ်ဖို့ ဆိုတာလည်း အစီအစဉ်မရှိဘူး။ လူကြီးတွေကနေ ညွှန်ကြားထားတာလဲ မရှိဘူး။ သင်္ကြန်တွင်းပဲ ပုံမှန်ပိတ်ရက်အတိုင်း သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ ပိတ်မယ်။ ဒီရက်ပိုင်းအတွင်းမှာ ကလေးတွေလည်း စာမေးပွဲပြီးတော့ ခရီးသွားကြ လာကြ၊ အလှူပွဲတွေနဲ့ နောက်သင်္ကြန်အခါနဲ့ ဆိုတော့ အရောင်းအဝယ်က ကောင်းကြပါတယ်"ဟု အဆင့်မြင့်ဈေးချိုတော် ဈေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။

 

ထို့ပြင် "Covid 19 ရောဂါကာကွယ်ရေးအနေနဲ့ ဈေးအကျိုးတော်ဆောင်အဖွဲ့က ဈေးရုံအလယ်မှာ လက်ဆေးရည်ဘူးတွေ ထားပေးဖို့ စီစဉ်နေပါတယ်။ လူမှုရေးအဖွဲ့အစည်းတွေက ပညာပေးလက်ကမ်းစာစောင်တွေ လာဝေတာရှိတယ်။ ကျန်းမာရေးဌာနက ပညာပေးပိုစတာတွေ ပေးလာရင် ပိုပြီးကောင်းတာပေါ့"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

မန္တလေးဈေးချိုတော်ကို  ယခုနှစ်သင်္ကြန်ကာလတွင် သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ပုံမှန်ပိတ်ရက်များအတိုင်း ပိတ်မည်ဖြစ်သော်လည်း လက်ရှိတွင် ပုံမှန်အတိုင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

mdn