မန္တလေး ၂၁ ဇန်နဝါရီ


မန္တလေး ချမ်းမြသာစည်မြို့နယ်အတွင်း ပညာရေးဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်အတွက်အိမ်ရာ ၁၀ လုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထံက သိရသည်။ 


ယင်းဝန်ထမ်းအိမ်ရာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် ချမ်းမြသာစည်မြို့နယ် ၆၆ လမ်း၊ ဒေလီယာနှင့် ဇလပ်ဝါလမ်းကြား အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည် ။


" အိမ်ရာ ၁၀လုံး တည်ဆောက်သွားမယ် လက်ရှိမှာ အိမ်ရာနှစ်လုံးစတင် တည်ဆောက်ပေးထားမယ်ပြီးမှ ကျန်တဲ့အိမ်ရာကိုတွေ တည်ဆောက်ပေးသွားမယ် ။ အိမ်ရာတစ်လုံးကို ဝန်ထမ်း ၁၆ ဦး နေထိုင်နိုင်တဲ့ အိမ်ရာမျိုးပါ " ဟု ၎င်းက ပြောသည် ။ 


မန္တလေးမြို့အတွင်း ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ စာသင်ကျောင်းအများစုမှာ မြေနေရာကျယ်ဝန်းသဖြင့် အိမ်ရာများတည်ဆောက်ရန် အဆင်ပြေသော်လည်း မြို့တွင်းရှိ မြို့နယ်များတွင် မြေနေရာကျဉ်းမြောင်းသဖြင့် အိမ်ရာများဆောက်လုပ်ရန် အခက်အခဲများရှိကြောင်း သိရသည် ။ 


ယခု တည်ဆောက်မည့် အိမ်ရာ ၁၀ လုံးကို ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြစ်သဖြင့် တဖြည်းဖြည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည် ။


သူရိန်လင်း