မန္တလေး ၁၃ ဇွန်


မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆လမ်း၊ ၂၂ x ၂၃လမ်းကြားတွင် အခမဲ့စားသုံးနိုင်သည့် အအေးဘူးများ မုန့်များထည့်ထားသည့် Food Box ထားရှိပေးထားကြောင်း မန္တလေးမြို့ One To One ပြည်သူ့ကူညီရေးအဖွဲ့ထံမှ သိရသည်။

 

1

 


အဆိုပါ Food Box ထဲတွင် ဖတ်စရာစာအုပ်များ၊ လမ်းသွားလမ်းလာများ၊ဈေးသည်များ၊ အပန်းဖြေသူများ၊ ခရီးသွားများနှင့် လုပ်သားပြည်သူများ သောက်သုံးနိုင်ရန် အအေးဘူးများ၊ အဆာပြေ စားသုံးနိုင်ရန် မုန့်ထုပ်များ ထည့်သွင်း လှူဒါန်းပေးထားပြီး မည်သူမဆို စားသောက်နိုင်ကြောင်း သိရသည်။

 

1

 


"အရင်ကတော့ သတင်းစာတွေပဲထည့်တယ်။ ခုကျတော့ ပြည်သူတွေ အဆာပြေစားသုံးနိုင်အောင် ဆိုပြီး ထည့်တာပါ။ တချို့တွေဆို အကိုတို့ မထည့်ထားလည်း အစားအသောက်တွေ လာထည့်ကြတယ်။ နောက်ပိုင်းကျရင်တော့ နေရာအနှံလုပ်သွားဖို့ရှိပါတယ်" အဆိုပါအသင်းမှ ကိုစိုင်းနေမျိုး မောင်မောင်(ကိုဝမ်း)က ပြောသည်။


အဆိုပါ Food Box ထဲသို့ မိမိတို့၏ပိုလျှံနေသည့် အစားအသောက်များ ရှိပါက လာရောက်လှူဒါန်းထား ရှိနိုင်ကြောင်း၊ ထို့ပြင် ပရဟိတကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်လှူဒါန်းလိုပါက ကိုဝမ်း ဖုန်း-ဝ၉ ၄၄၄၆၆၆ ၅၈၆သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


သူရိန်လင်း