မန္တလေး ၂ စက်တင်ဘာ
မန္တလေးမြို့ မဟာလောကမာရဇိန်ဘုရား (ကုသိုလ်တော်) ရှိ ကျောက်စာတိုက်စေတီ (၈) ဆူ ငလျင်ကြောင့် အက်ကွဲသွားခဲ့ကြောင်း သိရသည်။
သြဂုတ်လ (၃၁) ရက်နေ့ ည (၉)နာရီ၊ (၃၉)မိနစ်၊ (၂၂) စက္ကန့် အချိန် က ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ (ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
အဆိုပါ ငလျင်၏ အရှိန်ကြောင့် မန္တလေးမြို့တွင်လည်း ငလျင်လှုတ်ခတ်မှုဖြစ်ပေါ်ခဲ့ကာ ကုသိုလ်တော်ဘုရားရှိ ကျောက်စာတိုက်စေတီ အမှတ် ၂၁၂၊ ၂၁၃၊ ၃၅၅၊ ၄၄၄၊ ၄၉၄၊ ၄၉၆၊ ၄၉၇၊ ၄၉၉ တို့တွင် အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဂေါပက အဖွဲ့က သိရသည်။
ကျောက်စာတိုက်စေတီ (၈) ဆူ အက်ကွဲပျက်စီးမှုနှင့်ပတ်သက်၍ ဂေါပကအနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ဂေါပက အဖွဲ့ထံက သိရသည်။
မဟာလောကမာရဇိန် ဘုရား (ကုသိုလ်တော်) ကျောက်စာများသည် ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
သူရိန်လင်း


