မြစ်ကြီးနား ၂၉ ဇန်နဝါရီ
နန့်မြစ်ခတံတားသည် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား သွားကားလမ်းပေါ် မိုင်တိုင်အမှတ် (၄၈၀/၇ နှင့် ၄၈၁/ဝ) ကြား ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ နန့်မြစ်ခချောင်းပေါ်ဖြတ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစောဇာနည်လှနှင့်အဖွဲ့ တည်ဆောက်နေသော တံတားဖြစ်သည်။
တံတား တည်ဆောက်ခဲ့သည့် အဆိုပါ နေရာတွင် ယခင်မူလတံတားဟောင်းမှာ သုံးလွှာတစ်ထပ် တစ်လမ်း မောင်း ပေ ၂၆၀ သည် ယာဉ်ကြောပိတ်ဆို့ မှု မကြာခဏဖြစ်ပြီး အများပြည်သူများ ဖြတ်သန်းသွားလာရာတွင် နှောင့်နှေး ကြန့်ကြာမှုနှင့် မကြာမကြာရင်ဆိုင် တွေ့ကြုံခဲ့ရ သဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တံတားအထူး အဖွဲ့ (၁)မြစ်ကြီးနားက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
တံတားအမျိုးအစားမှာ ကွန်ကရစ် ရေလယ်တိုင်၊ သံကူကွန်ကရစ် ကမ်းကပ်ခုံ၊ သံမဏိရက်မ၊ သံကူ ကွန် ကရစ်ကြမ်းခင်း၊ တံတားအရှည် ၃၀၂ ပေ၊ ယာဉ်သွားလမ်း အကျယ် ၄၈ ပေ၊ လူသွားလမ်းတစ်ဖက် သုံးပေ၊ ခွင့်ပြုယာဉ် အလေးချိန် ယာဉ်တစ်စီးချင်း ၇၅ တန်၊ စီမံကိန်းတန်ဖိုးမှာ ပင်မတံတား ငွေကျပ် ၂၃၁၀ သန်း၊ ချဉ်းကပ်လမ်းနှင့် မြေထိန်း နံရံအတွက်ငွေကျပ် ၈၄၀ သန်းဖြစ်ပြီး တံတားကို ၂၀-၂-၂၀၁၇ က စတင်တည်ဆောက်ခဲ့ပြီး ၂၈-၅- ၂၀၁၈ မှာ အပိုင်း (၁) ကို တည်ဆောက် ပြီးစီးခဲ့သည်။ အပိုင်း (၂) ကို ၃၁-၃- ၂၀၁၉ တွင် အပြီးတည်ဆောက်သွား မည်ဟု သိရသည်။
အဆိုပါ တံတားကြီးပြီးသွားလျှင် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးဂိတ်မှ မြစ်ကြီးနားသို့လည်းကောင်း၊ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝယ်၊ လွယ်ဂျယ် မြို့များမှ မြစ်ကြီးနားသို့ သွားလာရာ တွင် လွယ်ကူချောမွေ့တော့မည် ဖြစ်သည်။
ခရမ်း-စိုးမြင့်